By Mg Dagon / MPA
တစ်ရက်လျှင် လေးနာရီပင် လျှပ်စစ်မီးမှန်အောင်မပေးနိုင်သော စစ်ကောင်စီက အဓိကလမ်းမကြီးများ၏ မြို့ပြလမ်းကွန်ရက်စနစ်ဖြင့် ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အားသွင်းရုံ(EV Charging Station)များ တည်ဆောက်ကာ တစ်နိုင်ငံလုံးတွင် အားသွင်းနိုင်အောင် လုပ်ဆောင်နေသည်ဟု လျှပ်စစ်သုံးယာဉ်ပြေးဆွဲအသုံးပြုခြင်းဖြင့် အခြေခံအဆောက်အဦများ အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးဝဏ္ဏဇော်က ပြောသည်။
နှစ် ၈၀ ပြည့် တပ်မတော်နေ့အခမ်းအနားကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့် နေပြည်တော်၊ ဘောဂသီရိယာဉ်ရပ်နားစခန်းတွင် တည်ဆောက်ခဲ့သော EV Charging Station ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မတ်လ ၂၆ ရက်က ကျင်းပခဲ့သည်။ ထိုအခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားသွားခြင်းဖြစ်သည်။
“နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ကြီးများမှာ လျှပ်စစ်သုံးယာဉ်များ အားသွင်းနိုင်ရေး မြို့ပြလမ်းကွန်ရက်စနစ်နဲ့ချိတ်ဆက်ပြီး EV Charging Station များ အဆင်ပြေကောင်းမွန်အောင် ဆောင်ရွက်နေတယ်” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်လည်းဖြစ်သည့် ဦးဝဏ္ဏဇော်က ပြောသည်။
တစ်နိုင်ငံလုံးပြေးဆွဲအသုံးပြုနိုင်ရန်အတွက် အဓိကလမ်းမကြီးများဖြစ်သည့် ရန်ကုန်-မန္တလေးပြည်ထောင်စုလမ်းမကြီး၊ ရန်ကုန်-ပြည်လမ်း၊ ရန်ကုန်-ပုသိမ်လမ်း၊ ဘုရားကြီး-သထုံ-မော်လမြိုင်လမ်း၊ မိတ္ထီလာ-ကျောက်ပန်းတောင်း-ညောင်ဦးလမ်း၊ မိတ္ထီလာ-တောင်ကြီးလမ်း၊ မန္တလေး-ပြင်ဦးလွင်လမ်း စသည့်အဓိကလမ်းမကြီးများပေါ်မှာ EV ယာဉ်များ ပြေးဆွဲနိုင်အောင် Charging Station များတည်ဆောက်ရန်စီစဉ်နေကြောင်း ၎င်းက ပြောသွားသည်။
“အခုလက်ရှိ ကားသစ်ဈေးကွက်မှာ SKD(ပြည်တွင်း၌ ကားအစိတ်အပိုင်းများ တပ်ဆင်ထုတ်လုပ်ခြင်း)နဲ့ EV ကားဈေးကွက်ပဲရှိတော့တယ်။ တခြားကားတွေက ဈေးကွက်သိပ်မရှိတော့ဘူး” ဟု ကားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
သို့သော် လက်ရှိကားဈေးကွက်အတွင်း ထိုကားအရောင်းအဝယ်များ အေးနေကြောင်း မော်တော်ယာဉ်လုပ်ငန်းရှင်အသိုင်းအဝိုင်းထံမှ သိရသည်။
“အရောင်းအဝယ် အေးတယ်။ Knowledge ကြောင့် EV ကို သိပ်မစီးကြဘူး။ သေချာရှင်းပြသူ မရှိလို့ပါ။ ကမ္ဘာမှာ အိုင်ဖုန်းသုံးတယ်။ အဲဒီသဘောပဲ? ဗန်ဒါပင်အောက်က ထွက်တာတော့ မဟုတ်ဘူး” ဟု EV ယာဉ်များတင်သွင်းရောင်းချနေသည့် ရန်ကုန်မြို့မှ မော်တော်ယာဉ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
လက်ရှိ လျှပ်စစ်မီးပြတ်လပ်နေမှုများအပေါ် ဆိုလာ ၁၂ ချပ် သို့မဟုတ် ၂၅ ချပ်တပ်ဆင်လိုက်ပါက EV ကားကိုလည်း အားသွင်းနိုင်သကဲ့သို့ အိမ်တွင်လည်း လျှပ်စစ်မီးသုံးနိုင်သည်ဟု ၎င်းက အကြံပြုသည်။
“နှစ် ၃၀ အထိ သုံးနိုင်တယ်။ ဆိုလာ ၁၂ ချပ်ဆိုရင် ၂၃၅ သိန်းကျော်ပဲ? တစ်လမှ ရှစ်သောင်းခွဲပဲ ကျမယ်ဆိုတော့ တန်ပါတယ်ဗျာ။ ညဆို အဲကွန်း နှစ်လုံးသုံးလို့ရမယ်။ မီတာခ ဆောင်စရာမလိုတော့ဘူး” ဟု အဆိုပါလုပ်ငန်းရှင်က ပြောသည်။
လက်ရှိရန်ကုန်တွင် လျှပ်စစ်ဓာတ်အားကို အုပ်စု အေ၊ ဘီ၊ စီ အနေဖြင့် သုံးစုခွဲ၍ တစ်ရက်လျှင် လေးနာရီပေး၊ ရှစ်နာရီဖြတ်စနစ်ဖြင့် မီးပေးနေသည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)က တရားဝင်ကြေ ညာထားသော်လည်း တစ်ရက်လျှင် လေးနာရီအပြည့်မရကြောင်း မြို့ခံများက ငြီးတွားပြောဆိုနေကြသည်။
ထို့ပြင် မတ်လ ၂၄ ရက်မှစတင်၍ အုပ်စု အေ၊ ဘီ၊ စီ အုပ်စုသုံးစုခွဲကာ တစ်စုလျှင် ၈ နာရီကြာ မီးပြတ်တောက်မည်ဖြစ်ကြောင်း YESC – ရန်ကင်းက ထုတ်ပြန်ထားသည်။