By Hsu Yee/ MPA
ချင်းပြည်နယ်မြောက်ပိုင်းသို့ ကုန်စည်စီးဆင်းမှု ထိန်းချုပ်နိုင်ရေးအတွက် ဂန့်ဂေါမြို့နယ်၊အောင်မြင်ရွာ၌ စစ်ကောင်စီတပ် ဂိတ်ချ တပ်စွဲရန် ပြုလုပ်နေကြောင်း သိရသည်။
မတ်လ ၁၉ရက်တွင် ခလရ ၅၀မှ ပျူနှင့်စစ်သား ပူးပေါင်းအင်အား ၁၀၀ဝန်းကျင်သည် အောင်မြင်ရွာ သို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ယနေ့ (မတ်လ ၂၃ရက်)အထိ ဘန်ကာများတည်ဆောက်ကာ တပ်စွဲရန်ကြိုးပမ်းနေကြောင်း ဒေသတွင်း နွေဦးတော်လှန်ရေး စာမျက်နှာ ယောအလင်းတန်းထံက သိရသည်။
“၁၈ ရက်နေ့မှာ ပျား(ရွာ)နဲ့အောင်မြေရွာကို စဝင်ပြီး အောင်မြင်ရွာမှာ ၁၉ရက်နေ့ကျ ဘန်ကာ လေးနေရာ စဆောက်တာပေါ့။ ဂန့်ဂေါမှာက ပျူသင်တန်းဆင်းတွေ အများကြီးပဲ။ ဘန်ကာကိုလည်း သူတို့ပဲဆောက်တာ။ အဓိကတော့ ဂိတ်ထိုင်မှာ၊ သေချာပေါက်ထိုင်မှာ”ဟု ယောအလင်းတန်းမှ ကိုဘကောင်းက MPA သို့ပြောသည်။
စစ်ကောင်စီတပ်က အောင်မြင်ရွာတွင် ခြေကုပ်ယူလိုက်သည်နှင့် ယောဒေသ၊ ချင်းပြည်နယ်မြောက် ပိုင်းနှင့် ဂန့်ဂေါမြို့နယ်မြောက်ပိုင်းကျေးရွာများသို့ ကုန်စည်စီးဆင်းမှုမှာ စစ်ကောင်စီလက်ထဲသို့ ကျရောက်သွားမည်ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး အခက်အခဲလည်း ကြုံတွေ့ရနိုင်ကြောင်း သိရသည်။
“အဓိက ဂန့်ဂေါမြို့ကို ရှောင်တဲ့မြို့ရှောင်လမ်းတွေပိတ်သွားမယ်။အဲ့လိုဆို ဟားခါးကနေ ချင်းဘက် ကို တက်ဖို့ခက်မယ်။ ရိက္ခာတွေလည်း စစ်တပ်လက်ထဲ ရောက်သွားနိုင်ပြီးတော့ ရိက္ခာပြတ်လပ်တာ တွေရှိလာနိုင်တယ်။ ဂန့်ဂေါနယ် မြောက်ပိုင်းကရွာဘက်တွေလည်း ရိက္ခာအခက်အခဲ အတော်ကြုံရ တော့မှာ။ မြို့ရှောင်လမ်းတွေ ပိတ်သွားရင်တော့ တော်လှန်ရေးအဖွဲ့တွေ ချင်းဘက်အသွားအ လာကျပ်သွားနိုင်တယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
မတ်လလယ်၌ ခလရ ၅၀ တပ်ထဲတွင် တပ်တွင်းအစည်းအဝေး ပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေး ပြီးနောက် ဂန့်ဂေါမြို့နှင့် ငါးမိုင် ပတ်လည်အတွင်းသို့ တော်လှန်ရေးတပ်များ မဝင်ရောက်နိုင်ရေး အတွက် စိုးမိုးနယ်မြေ ချဲ့ထွင်ရန် ရည်ရွယ်ကာ မတ်လ ၁၈ရက်မှစ၍ စစ်ကြောင်းထိုးနေကြောင်း လည်း သိရသည်။
“အောင်မြင်ရွာမှာ ထိုင်ပြီးရင် ဂန့်ဂေါအနောက်ဘက်နဲ့ ရှူံးရှီတို့၊ အရှေ့တောင်ဘက်ဆိုရင် ပြည့်ဝရွာနဲ့ စိုင်ဒူးတစ်ကြောက ရွာတွေအားလုံး ကိုပြန်ရအောင်လုပ်နိုင်တယ် ”ဟု ၎င်းကပြောသည်။
ယင်းစစ်ကြောင်းသည် ပျားရွာနှင့် အောင်မြင်ရွာမှ အိမ်ထောင်စု ၁၀၀ကျော်ကို အပြင်ထွက်ခွင့်ပိတ်ထားသဖြင့် ပြည်သူများ ပိတ်မိနေပြီး ဖုန်းလိုင်းပြတ်တောက်နေမှုကြောင့် နောက်ဆက်တွဲအခြေအနေကို မသိရသေးပေ။
စာတည်း-ML