By Mandy / MPA
ရွှေဘို-မြစ်ကြီးနား ကားလမ်းမကြီးအား တိုက်ရိုက်အသုံးပြုမရဘဲ ကွင်းလမ်းများမှ အသုံးပြုကာ သွားလာနေရခြင်းကြောင့် စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသရှိ ကောလင်းနှင့် အင်းတော်ဒေသများတွင် ကုန်စျေးနှုန်းများ ယခင်ကထက်ပိုမြင့်တက်လာကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
ရွှေဘို-မြစ်ကြီးနား ကားလမ်းမပေါ်ရှိ ကန့်ဘလူမြို့နယ်အတွင်း စစ်ကောင်စီဂိတ်များကို ရှောင်ကွင်းသွားလာရခြင်းကြောင့် လမ်းခရီး နှောင့်နှေးကြန့်ကြာခြင်းများအပြင် ဒေသတွင်းကုန်စျေးနှုန်းများမြင့်တက်လာရခြင်းဖြစ်သည်ဟု ကောလင်း၊အင်းတော်မှ ဒေသခံများကဆိုသည်။
“ကားတွေက ကွင်းလမ်းကနေသွားရတဲ့အပြင် ကွင်းလမ်းမှာပါ လမ်းတွေထပ်ပိတ်တာတွေ ရှိတော့ ကားသမားတွေကလည်း သူတို့အတွက်ကျန်အောင် တန်ဆာခကိုတိုးတောင်းကြတယ်။ ကုန်စျေးနှုန်းတွေရဲ့ ဝယ်ရင်းစျေးကမတက်ဘူး တန်ဆာခ၊ ကားခတွေက တက်လို့ ဒီမှာပြန်ရောင်းတဲ့အခါ အရင်ကထက်စျေးမြင့်ပြီး ရောင်းရတော့တာ” ဟု ကောလင်းမြို့နယ်ရှိ ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ဆိုသည်။
ရွှေဘို-မြစ်ကြီးနားကားလမ်းပေါ်တွင် ပြေးဆွဲနေသော ကုန်ကားများနှင့် ခရီးသည်ကားများသည် ကန့်ဘလူမြို့နယ်တွင်းရှိ စစ်ကောင်စီ၏ စံပယ်နံ့သာဂိတ်၊ ပေကြီးဂိတ်၊ ငှက်ပျောတိုင်းဂိတ်များအား ရှောင်ကွင်းသည့် ကွင်းလမ်းများအား အသုံးပြုနေရသည်မှာ တစ်လနီးပါးကြာမြင့်လာပြီဖြစ်ကြောင်း ခရီးသည်ယာဉ်လိုင်းများနှင့် ခရီးသွားပြည်သူများထံမှ သိရသည်။
“ကွင်းလမ်းကနေသွားရတာ ဖုန်တွေကထူ၊လမ်းတွေက ကျဉ်းနဲ့အတော် ဒုက္ခရောက်တယ်။ ကိုယ်တစ်ခါမှ မရောက်ဖူးတဲ့ အရပ်ဒေသတွေဘက်ကနေ ပတ်သွားရတာ၊ ကွင်းလမ်းမှာ လမ်းထပ်ပိတ်လို့ကတော့ လမ်းဘေးတင် အိပ်ပေ တော့ပဲ” ဟု ခရီးသွားပြည်သူတစ်ဦးက ဆိုသည်။
ကန့်ဘလူမြို့နယ်အတွင်း စစ်တပ်ဂိတ်များကို ရှောင်ရှားကာ သွားလာနေရခြင်းကြောင့် ယခင်က နေ့ချင်းပေါက်ရောက်သည့် ခရီးသည် ယခု အနည်းဆုံး တစ်ညအိပ်ရကာ၊ ကုန်ကားများသည် နှစ်ရက်မှ သုံးရက်ခန့်ပင် ကြာမြင့်တတ်ကြောင်း ၎င်းက ရှင်းပြသည်။
“ကျတော်တို့မှာ လမ်းတစ်လျှောက် ဂိတ်ကြေးတွေလည်းပေးရတယ်။ ကွင်းလမ်းကနေသွားရတာ ကားတစ်ခုခုဖြစ်ရင် သွားရောပဲ၊ အရင်ကလို လမ်းကြောင်းကမဖြောင့်တဲ့အပြင် လုံခြုံရေးကလည်း အာမခံချက်ရှိတာ မဟုတ်ဘူးရယ်” ဟု ယာဉ်လိုင်းတစ်ခုမှ ယာဉ်မောင်းတစ်ဦးကဆိုသည်။
ထိုကဲ့သို့ အဓိကလမ်းမကြီးကို အသုံးပြု၍ မရဘဲ ကွင်းလမ်းများကို အသုံးပြုနေရခြင်းကြောင့် ခရီးသွားယာဉ်လိုင်းများဘက်မှလည်း ခရီးသည်တစ်ဦးလျှင် ယခင် ကျပ် သုံးသောင်းတာရှိသည့် လမ်းခရီးကို ယခု အနည်းဆုံး တစ်သိန်းသုံးသောင်းမှ အများဆုံး တစ်သိန်းငါးသောင်းအထိ တိုးမြှင့်တောင်းလာပြီး ကျန်းမာရေးကိစ္စအရေးပေါ်များအတွက် ဆယ်သိန်းအနည်းဆုံးပေးနေရကြောင်း ကောလင်းမြို့နယ်တွင်းရှိ ခရီးသွားပြည်သူများထံမှ စုံစမ်းသိရှိရသည်။
ထိုကဲ့သို့ ကွင်းလမ်းများကို အသုံးပြုနေရခြင်းကြောင့် စစ်ကိုင်းတိုင်း အထက်ပိုင်း ကောလင်းနှင့် အင်းတော်မြို့နယ်များတွင် တာရှည်အထားမခံသော အသား၊ ငါးနှင့် ကုန်စိမ်းများ စျေးမြင့်တက်လာပြီး အခြားကုန်ပစ္စည်းများဖြစ်သော လူသုံးကုန်ပစ္စည်းများ၊ အိမ်သုံးပစ္စည်းများ၊ မွေးမြူရေးအစာများနှင့် အခြားအသုံးအဆောင်ပစ္စည်းများမှာလည်း ယခင်ကထက် စျေးမြင့်တက်လာသည်ဟု ဒေသခံပြည်သူများကဆိုသည်။