By Mg Dagon / MPA
အိမ်ဆောက်ရာသီဖြစ်သော်လည်း အဆမတန်ထိုးတက်ခဲ့သော ရန်ကုန်မြို့ရှိ အိမ်ဆောက်ပစ္စည်းဈေးနှုန်းများ တဖြည်းဖြည်းပြန်လည်ကျဆင်းလာနေကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။
ဘိလပ်မြေအပါအဝင် အုတ်၊ သဲ၊ ကျောက်နှင့် သံဈေးနှုန်းများ သုံးပုံ တစ်ပုံခန့် ကျဆင်းလာခြင်းဖြစ်သည်ဟု ထိုဈေးကွက်နှင့်အကျွမ်းတဝင်ရှိနေသူများထံမှ သိရသည်။
“ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကတည်းက ထိုးတက်သွားတာကို အခုနောက်ပိုင်းတဖြည်းဖြည်း ပြန်ကျလာတဲ့သဘောပေါ့။ အရင်က ဈေးမငြိမ်ဘူး။ အခုဈေးနဲ့ ငြိမ်နေတာတော့ နည်းနည်းကြာပြီလို့ ပြောရမယ်” ဟု ရန်ကုန်မြို့အတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ပစ္စည်းပြတ်လပ်ခြင်းများကိုအကြောင်းပြ၍ ဆောက်လုပ်ရေးပစ္စည်းဆိုင်များက ဈေးနှုန်းများ အဆမတန် မြှင့်တင်ရောင်းခဲ့ခြင်းကြောင့် ဈေးတက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ပစ္စည်းပုံမှန် ပြန်ရနေခြင်းကြောင့် ဈေးပြန်ကျခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
ဆောက်လုပ်ရေးပစ္စည်းဈေးကွက်အတွင်း ယခုနှစ်ဆန်းပိုင်းက ဘိလပ်မြေတစ်အိတ်လျှင် ကျပ် ၃၀,၀၀၀ ကျော်မှ ယခုအခါ ၂၀,၀၀၀ ကျပ်သို့လည်းကောင်း၊ အနံ ၆ ပေ ၃ ပေ၊ အလျား ပေ ၄၀ ရှိ သံတစ်တိုင်လျှင် ယခင် ၅၀၀,၀၀၀ ကျပ်မှ ယခု ၄၃၀,၀၀၀ ကျပ်လည်းကောင်း၊ သွပ်တစ်ပေလျှင် ယခင် ၅၀၀၀ ကျပ်မှ ယခု ၄၀၀၀ ကျပ်သို့လည်းကောင်း တဖြည်းဖြည်းပြန်လည်ကျဆင်းလာခြင်း ဖြစ်သည်ဟု သိရသည်။
သို့သော် ယခုဖြစ်ပေါ်နေသည့် ဈေးနှုန်းများမှာ အကျဈေးဟုပြော၍ မရဘဲ ယခင်နှစ်များကထက် အလွန်မြင့်တက်နေသည့် ဈေးဖြစ်ကြောင်း နောက်ထပ် ကန်ထရိုက်တာတစ်ဦးက ပြောသည်။
“ဒီဈေးက ကျတယ်ဆိုတာ အဆမတန်ဈေးကနေ ပုံမှန်အတက်ဈေးကို ပြန်သွားနေတဲ့သဘောပဲ။ အရင်နှစ် ဒီလိုအချိန်မှာ တက်တဲ့ဈေးက ဘိလပ်မြေတစ်အိတ် တစ်သောင်းခွဲလောက်ပဲရှိတာ ကျန်တဲ့ပစ္စည်းဈေးတွေလည်း ဒီအတိုင်းပဲ” ဟု ၎င်းက ပြောသည်။
ယခင်နှစ်ကစတင်၍ ဆောက်လုပ်ရေးပစ္စည်းဈေးနှုန်းများမြင့်တက်နေသည်ဟုဆိုသော်လည်း အိမ်နှင့် အဆောက်အအုံများ ဆောက်လုပ်မှုမှာ လျော့နည်းသွားခြင်းနှင့် ရပ်တန့်သွားခြင်းမရှိဘဲ ပိုမိုဆောက်လုပ်နေကြသည်ဟု ကန်ထရိုက်တာများက ပြောသည်။
“အဲဒါတော့ ဟုတ်တယ်။ ဘာမှမကြည့်နဲ့။ ကျွန်တော်တို့မြို့နယ်ထဲသာ တစ်ပတ်လောက် ပတ်ကြည့်လိုက်မယ်ဆိုရင် သိသာတယ်။ နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံး အိမ်သစ်တွေ ဆောက်နေကြတာ နားကြတယ်လို့ကိုမရှိဘူး” ဟု ရွှေပြည်သာမြို့နယ်အတွင်းနေထိုင်သူ အသက် ၅၀ ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။
ဆောက်လုပ်ရေးပစ္စည်းဈေးနှုန်းအတက်/အကျနှင့်ပတ်သက်ပြီး ကန်ထရိုက်တာနှင့် ပစ္စည်းအရောင်းဆိုင်ပိုင်ရှင်များကြား တူညီသည်အမြင်ရှိနေကြသည်။
“အခုထက် ထပ်မကျနိုင်လောက်တော့ဘူး” ဟု ရန်ကုန်မြို့အတွင်း အိမ်များလိုက်လံဆောက်လုပ်ပေးနေရသည့် ကန်ထရိုက်တာ အမျိုးသားတစ်ဦးက ပြောသည်။
ထို့အပြင် ရွှေပြည်သာမြို့နယ်အတွင်း ဆောက်လုပ်ရေးပစ္စည်းဆိုင်ကြီးတစ်ခုက ပိုင်ရှင်အမျိုးသမီးကလည်း “ဘိလပ်မြေဈေးက ပြန်တက်လာနိုင်တယ်။ သံဈေးကတော့ နည်းနည်းထပ်ကျနိုင်တယ်” ဟု ပြောသည်။
လက်ရှိဆောက်လုပ်ရေးပစ္စည်းဈေးကွက်အတွင်း ဘိလပ်မြေတစ်အိတ်လျှင် ကျပ် ၂၀,၀၀၀၊ သဲတစ်ကျင်းခွဲလျှင် ၄၂,၀၀၀ ကျပ်၊ ကျောက်တစ်ကျင်းခွဲလျှင် ၁၆၅,၀၀၀ ၊ လေပေါင်အုတ်တစ်လုံးလျှင် ၂၉၅ ကျပ်ဈေးရှိပြီး သံဈေးကွက်အတွင်း အနံ ၆ ပေ ၃ ပေ၊ အလျား ပေ ၄၀ ရှိ တစ်တိုင်လျှင် ၄၃၀,၀၀၀ ကျပ်၊ အနံ ၅ ပေ ၂ ပေ၊ အလျား ပေ ၂၀ ရှိ သံတစ်တိုင်လျှင် ၁၄၀,၀၀၀ ကျပ်ဝန်းကျင်၊ သွပ်တစ်ပေလျှင် ၄၀၀၀ ကျပ်ဈေးရှိကြောင်း ထိုဈေးကွက်အတွင်းမှ သိရသည်။