By Poesangle / MPA
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဒေသခံအချို့သည် စစ်လက်နက်အကြွင်းအကျန်ပစ္စည်းများကို ရှာဖွေ ရောင်းစားခြင်းဖြင့်မိသားစု စားဝတ်နေရေး ဖြေရှင်းနေရကြောင်း စုံစမ်းသိရှိရသည်။
၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲများပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်အချို့တွင် အလုပ်အကိုင်ရှားပါးမှုကြောင့် ဒေသခံအချို့သည် စစ်ကောင်စီ၏ တပ်စခန်းဟောင်းများထဲမှ စစ်လက်နက်အကြွင်းအကျန် ကျည်ခွံများကို ရှာဖွေကာ ရောင်းချခြင်းဖြင့် ဝမ်းရေးဖြေရှင်းနေရခြင်းလည်းဖြစ်သည်။
ထိုကဲ့သို့ စစ်လက်နက်အကြွင်းအကျန် ပစ္စည်းများကို ရှာဖွေသည့် ဒေသခံအချို့သည့် စစ်ကောင်စီထောင်ထားသည့် မြေမြှုပ်မိုင်းများကို နင်းမိပြီး သေဆုံးခဲ့ရသူများလည်း ရှိနေကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
“ စစ်တပ်စခန်းအဟောင်းတွေနားမှာ မိုင်းရှိတယ်လို့ သိပေမဲ့ စားစရာမရှိတော့ ကျည်အခွံတွေ လိုက်ကောက်တယ်။ စျေးကောင်းလည်းရတယ်လေ၊ သံတိုသံစကတော့ တစ်ပိဿ ထောင်ကျော်ပဲရတာ ” ဟု မြေမြှုပ်မိုင်းကြောင့် ခြေထောက်တစ်ဖက် ပြတ်သွားသည့် ၁၃နှစ်အရွယ် ကလေးငယ်၏ မိသားစုဝင်တစ်ဦးက ပြောသည်။
လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်း၌ စစ်လက်နက်အကြွင်းအကျန် ပစ္စည်း တစ်ပဿာ ကျပ်တစ်သောင်းထိ ပေါက်စျေးရှိနေပြီး သံတိုသံစ တစ်ပိဿာ ကျပ် တစ်ထောင့်လေးရာရှိကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ရက်ကလည်း သီပေါမြို့နေ အသက် ၁၃နှစ်အရွယ် စိုင်းလောဝ်ခမ်းသည် စစ်ကောင်စီခြေ လျင် တပ်ရင်း ၂၃ အတွင်းသို့ သူငယ်ချင်းနှင့်အတူ ကျည်ခွံနှင့် သံတိုသံစသွားကောက်ရာမှ မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်ခဲ့ရသေးသည်။
ထို့ပြင် ဖေဖော်ဝါရီ ၂၁ရက်ကလည်း သီပေါမြို့၊ ကုံးစုံကျေးရွာရှိ နေအိမ်တစ်အိမ်၌ သိမ်းထားသည့် ဗုံးတစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် အရပ်သားနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သေးသည်။
“ လူထုက စစ်လက်နက်အကြွင်းအကျန်တွေကို အတော်လေးရင်ဆိုင်နေရတယ်။ မိုင်းနင်းမိတဲ့ ဒေသခံတွေမှာ တောင်ယာ၊ လယ်ယာ၊ ခြံထဲသွားရင်းနဲ့ နင်းတဲ့သူရှိသလို စစ်လက်နက်အကြွင်းအကျန်တွေကို ကောက်ရင်း မိုင်းနင်းမိတဲ့သူတွေလည်းရှိတယ်ပေါ့၊ မိုင်းရှိတာကို မသိလို့မဟုတ်ဘူး။ လုပ်စရာအလုပ်မရှိတော့ အဲ့ဒါတွေလိုက်ကောက်ပြီး မိသားစု စားဝတ်နေရေး ဖြေရှင်းရတာလေ” ဟု သီပေါမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်း၌ ကျည်ခွံများကို ကောက်ယူရောင်းချသူများရှိသလို မပေါက်ကွဲသေးသည့် စစ်လက်နက်အကြွင်းအကျန်များကိုလည်း ကောက်ယူရောင်းချသူများလည်းရှိနေသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၌ ဖေဖော်ဝါရီတစ်ရက်မှ မတ် ၁၁ရက်အထိ စစ်လက်နက်အကြွင်းအကျန်နှင့် မြေမြှုပ်မိုင်းကြောင့် သေဆုံးခဲ့သူ ၁၀ရှိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူ ရှစ်ဦးထိရှိကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ ရရှိသည့် အချက်အလက်များအရ သိရသည်။
အဆိုပါ စစ်လက်နက်အကြွင်းအကျန်နှင့် မြေမြှုပ်မိုင်းကြောင့် သေဆုံးသူနှင့် ဒဏ်ရာရရှိခဲ့သူများသည် ကျောက်မဲ၊ ကွတ်ခိုင်၊ သီပေါ၊ နမ့်ခမ်းနှင့် လားရှိုးမြို့နယ်တို့မှ ဒေသခံများဖြစ်သည်။
“ ကျည်ခွံတွေက ပိုဈေးရတယ်။ သံတိုသံစတော့ အန်တီတို့က တစ်ပိဿတစ်ထောင်ပဲပေးတယ်။ ဒိုင်မှာသွားရောင်း တော့ တစ်ထောင့်လေးရာရတယ်။ ဘီယာဗူးခွံတွေတော့ တစ်ဗူး ငါးဆယ်ပေးဝယ်တယ်” ဟု သံတိုသံစဝယ်ယူသူ အမျိုးသမီးတစ်ဦးက ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၌ ညီနောင်မဟာမိတ်အဖွဲ့တို့ သိမ်းပိုက်ထားသည့် မြို့များကို စစ်ကောင်စီက လမ်းများ ပိတ်ဆို့ထားမှုကြောင့် ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်နေသည့်အပြင် အလုပ်အကိုင်ရှားပါးမှုများကို ဒေသခံများ ကြုံတွေ့နေရသည်။
ထိုကဲ့သို့ အလုပ်အကိုင်ရှားပါးမှုကြောင့်ဒေသခံများသည် စစ်လက်နက်အကြွင်းအကျန် ပစ္စည်းများကို ကောက်ယူရောင်းချမှုများပြုလုပ်သူများရှိသကဲ့သို့ အချို့သောသူများသည် လောက်ကိုင်နှင့် “ဝ”ဒေသသို့ အလုပ်သွားရောက်လုပ်ကိုင်မှုများရှိပြီး တရုတ်နိုင်ငံသို့လည်း ထွက်ခွာမှုများရှိနေကြောင်း သိရသည်။