By Mg Dagon / MPA
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်တက်ရောက်ဖွင့်လှစ်ပေးခဲ့သော ဒီဂျစ်တယ်ငွေပေးချေမှုစနစ် မြန်မာ QR (MMQR) စတင်နိုင်ခြင်းမရှိသေးကြောင်း လုပ်ပိုင်ခွင့်ရထားသည့် ဘဏ်များထံမှ စုံစမ်း သိရှိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ ရက်နေ့က MMQR စတင်အသုံးပြုခြင်းအခမ်းအနားကို နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သော်လည်း ဘဏ်များတွင် ဝန်ထမ်းများကို အသုံးပြုနည်းပင် မသင်ကြားပေးသေးကြောင်း ပုဂ္ဂလိကဘဏ်ကြီးအချို့၏ ဝန်ထမ်းများထံမှ သိရသည်။
“ကျမတို့ကိုတော့ ဘာမှမပြောသေးဘူး။ စလုပ်တော့မယ်ဆိုရင် ကျမတို့ဆီ လာကိုလာတယ်။ ဘာလို့ဆိုရင် Kpay တုန်းကလည်း ကျမတို့ပဲ လုပ်ခဲ့ရတာလေ” ဟု ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲတစ်ခုတွင် တာဝန်ထမ်းဆောင်နေသည့် ဝါရင့် ဘဏ်ဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောသည်။
အနိမ့်ဆုံးအဆင့်အနေဖြင့် ဘဏ်ဝန်ထမ်းများသည် MMQR နှင့်ပတ်သက်၍ အသုံးပြုသူများရှာဖွေရခြင်း၊ ဆိုင်များရှာဖွေရခြင်း၊ ကုမ္ပဏီများထံ သွားရောက်၍ ပရိုမိုးရှင်းဆင်းရသည်များလည်း ပြုလုပ်ရလေ့ရှိသည်ဟု အဆိုပါအမျိုးသမီးက ၎င်း၏ အတွေ့အကြုံနှင့်ယှဉ်၍ ပြောပြသည်။
လက်ရှိအချိန်ထိ ထိုလုပ်ငန်းများလုပ်ဆောင်ရန် အထက်လူကြီးများက ပြောကြားခြင်းမရှိသေးသကဲ့သို့ MMQR အသုံးပြုနည်းကိုလည်း သင်ကြားပေးခြင်းမရှိသေးကြောင်း ဘဏ်ဝန်ထမ်းများက ပြောသည်။
“သူတို့လုပ်ခွင့်ပြုတဲ့အထဲမှာပါတယ်လို့တော့ သိရတယ်။ အခုထိတော့ ဘာမှမထူးသေးပါဘူး။ လုပ်ခိုင်းရင်လည်း စိတ်ညစ်စရာကြီး။ မင်းအောင်လှိုင် လုပ်တာဆိုတော့ မလုပ်ပေးချင်ဘူး” ဟု ဧရာဝတီဘဏ်(AYA)ဝန်ထမ်းတစ်ဦးက ပြောသည်။
လတ်တလော MMQR နှင့်ပတ်သက်၍ သိရှိထားရသည့်အချက်အလက်များအရ အသုံးပြုသူများအတွက် လုံခြုံရေးပိုင်းဆိုင်ရာ ကျိုးပေါက်နိုင်သော ပြဿနာများဖြစ်ပေါ်နိုင်ကြောင်း ဘဏ်လုပ်ငန်းအတွေ့အကြုံ ၁၀ နှစ်အထက်ရှိသည့် ပုဂ္ဂလိကဘဏ်ဝန်ထမ်းတချို့က ပြောသည်။
“Kpay လို OTP Code ခံထားတယ်။ လုပ်နေတာလည်း ခုနစ်နှစ်၊ ရှစ်နှစ်လောက်ရှိနေပြီနော်။ အခုထိ Fraud တွေက ဖြစ်နေတုန်းပဲ။ ဘယ်လိုမှမထိန်းနိုင်သေးဘူး။ အခု MMQR က သိရသလောက် သုံးရတာလွယ်ပေမဲ့ လုံခြုံရေးပိုင်းအားနည်းတယ်လို့ခံစားရတယ်။ အသေးစိတ်တော့ မပြောရဲသေးဘူး” ဟု လုပ်သက် ၁၀ နှစ်အထက်ရှိ လုံခြုံရေးအရ ဘဏ်အမည်နှင့် နာမည်မဖော်လိုသည့် ပုဂ္ဂလိက ဘဏ်ဝန်ထမ်းတစ်ဦးက ပြောသည်။
MMQR စနစ်ကို အရပ်သားအစိုးရဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)လက်ထက်က စတင်အသက်သွင်းခဲ့ခြင်းဖြစ်ပြီး အသုံးပြုရန် လိုအပ်ချက်များရှိနေသေးသည်ဆိုသည့် အကြောင်းပြချက်နှင့်အတူ ကိုဗစ် ၁၉ ရောဂါနှင့် အာဏာသိမ်းဖြစ်စဉ်တို့ကြောင့် အသုံးပြုခွင့်မပေးခဲ့ခြင်းဖြစ်ကြောင်း ဘဏ်အသိုင်းအဝိုင်းထံမှ သိရသည်။
“အဲဒါကို ဒီလူကြီး(စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်)ကျမှ ဇွတ်လုပ်ခိုင်းပြီး အသက်သွင်းတာပါ။ ဘာကြောင့်လဲဆိုတော့ သူတို့ဆီမှာ ပိုက်ဆံတွေ ထပ်ထုတ်ဖို့ ကုန်ကြမ်းမရှိတော့တာရော၊ ထပ်ထုတ်ရင်လည်း ငွေကြေးဖောင်းပွမဲ့ဒဏ်ကို မခံနိုင်တော့လို့ ဒီဂျစ်တယ်စနစ်ကို အတင်းသွားနေတာ၊ တခြား Risk တွေကို မစဉ်းစားဘဲ အတင်းလုပ်နေတာ” ဟု ကမ္ဘောဇဘဏ်မှ ဘဏ်ဝန်ထမ်းတစ်ဦးက ပြောဆိုသည်။
အပတ်စဉ် ရန်ကုန်မြို့ရှိ ဘဏ်များနှင့် ချိတ်ဆက်လုပ်ဆောင်နေသူတစ်ဦးကလည်း လက်ရှိအချိန်အထိ MMQR နှင့်ပတ်သက်၍ မသိရှိသေးဘဲ ဘဏ်များက အသုံးပြုရန် ဆွဲဆောင်ခြင်းများလည်း မခံရဖူးသေးကြောင်း ပြောသည်။
“MMQR က ကြားပဲ ကြားဖူးသေးတယ်။ မမြင်ဖူးသေးပါဘူး။ သုံးဖို့လည်း ပြောတာမကြားမိသေးဘူး” ဟု ရန်ကုန်မြို့က စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးတစ်ဦးလည်းဖြစ်သည့် ၎င်းက ပြောသည်။
ယခု မတ်လအတွင်းမှစတင်၍ ဘဏ်များမှ ငွေလိုအပ်သမျှ မထုတ်ပေးနိုင်တော့ဘဲ အကန့်အသတ်ဖြင့်သာ ထုတ်ပေးနေကြောင်း ၎င်းက ပြောသည်။
“ဒီနေ့ KBZ က ငွေသားဆိုရင် သိန်းတစ်ရာပဲ ထုတ်ပေးတယ်။ Banking အချင်းချင်းဆိုရင်တော့ ကြိုက်သလောက်လွှဲလို့ရပါတယ်” ဟု အဆိုပါအမျိုးသမီးက ဆက်ပြောသည်။
လတ်တလော မြန်မာနိုင်ငံတွင် Digital Wallet ဟုခေါ်သည့် ဒီဂျစ်တယ်စနစ်ဖြင့် ငွေသွင်း/ငွေထုတ်အပါအဝင် ငွေပေးချေမှုများကို ပုဂ္ဂလိကဘဏ်များက Application များဖန်တီးပြီး ဝန်ဆောင်မှုပေးနေသည်။
ထိုအထဲ ကမ္ဘောဇဘဏ်က Kpay ၊ ဧရာဝတီဘဏ်က AYA pay ၊ CB ဘဏ်က CB pay တို့အပါအဝင် ဘဏ်အချို့ကလည်း ဘဏ်နာမည်အလိုက် App များဖန်တီးပြီး ဝန်ဆောင်မှုပေးလျက်ရှိသကဲ့သို့ ရိုးမအုပ်စုက ဖန်တီးထားသည့် Wave Money အပြင် OK Dollar နှင့် True Money တို့လည်း ရှိနေသည်။