By Mg Dagon / MPA
ကျားဖြန့်ကိစ္စကြောင့် ထိုင်းနိုင်ငံဘက်က စက်သုံးဆီဖြတ်၊ လျှပ်စစ်မီးဖြတ်ခံထားရသော ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း စက်သုံးဆီရရှိမှုအခက်အခဲဆက်လက်ဖြစ်ပေါ်နေကြောင်း မြို့ခံယာဉ်မောင်းအသိုင်းအဝိုင်းထံမှ သိရသည်။
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ ကျားဖြန့်ဂိုဏ်းခေါ် အွန်လိုင်းငွေလိမ်လုပ်ငန်းများကို တရုတ်နှင့် ထိုင်းတို့ဘက်က နှိမ်နင်းမှု စတင်အရှိန်မြှင့်တင်ခဲ့သော ပြီးခဲ့သည့် ဖေဖော်ဝါရီ ငါးရက်နေ့ကစတင်၍ မြန်မာဘက်သို့ ဖြတ် နှစ်ဖြတ်လုပ်ဆောင်ထားသည်မှာ တစ်လကျော်လာခဲ့ပြီဖြစ်သည်။
“စက်သုံးဆီက ကျတော်တို့ဆီမှာ ပုံမှန်မရောင်းပေးဘူး။ ရတဲ့အချိန်မှ ရောင်းပေးတာလေ၊ ဒီလိုဆိုတော့ အပြင်မှာ ဈေးက နှစ်ဆလောက်ပေးပြီးတော့ ဝယ်နေရတယ်” ဟု မြဝတီမြို့ခံ မော်တော်ယာဉ်မောင်းတစ်ဦးက ပြောသည်။
လက်ရှိ ဘားအံနှင့် မော်လမြိုင်မြို့တို့ရှိ ဈေးနှုန်းထက် မြဝတီမြို့နယ်အတွင်း စက်သုံးဆီဈေးနှစ်ဆကျော်မြင့်တက်နေသည်ဟု မော်တော်ယာဉ်မောင်းများက ပြောသည်။
လက်ရှိ ဘားအံနှင့် မော်လမြိုင်မြို့(အောက်ဘက်)တို့တွင် အဆင့်မြင့်ဒီဇယ်တစ်လီတာလျှင် ၃၆၀၀ ကျပ်ခန့်၊ ဓာတ်ဆီတစ်လီတာလျှင် ၃၄၀၀ ကျပ်ခန့်ရှိသော်လည်း မြဝတီရှိ စက်သုံးဆီဆိုင်များတွင်တော့ တစ်လီတာလျှင် ၇၂၀၀ မှ ၇၅၀၀ ကျပ် အထိဈေးရှိကြောင်း ယာဉ်မောင်းများက ပြောသည်။
သို့သော် လမ်းဘေးတွင် ဘူးဖြင့်ရောင်းချသည့် ဈေးနှုန်းမှာ ယင်းထက်များပြားပြီး ဆီအမျိုးအစားအလိုက် ကျပ် ၇၅၀၀ မှ ၉၀၀၀ အထိဈေးရှိကြောင်း သိရသည်။ ထိုင်းဘက်ကမပိတ်မီ ဖေဖော်ဝါရီ ငါးရက်မတိုင်ခင်က မြဝတီမြို့တွင် ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၃၀၀၀ ကျော်သာရှိကြောင်း မြို့ခံများက ပြောသည်။
လတ်တလော အောက်ဘက်က စက်သုံးဆီအဝင်ရှိသေးသဖြင့် ယခုဈေးထက် မြင့်တက်နိုင်ခြေနည်းပါးသော်လည်း မိုးရာသီရောက်ရှိလာပါက လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ထပ်မံမြင့်တက်လာနိုင်သည်ဟု မြဝတီရှိ ယာဉ်မောင်းများက သုံးသပ်ပြောကြားသည်။
လတ်တလော စက်သုံးဆီဆိုင်အများစု ပိတ်ထားဆဲဖြစ်ပြီး ဘားအံနှင့် မော်လမြိုင်တို့က စက်သုံးဆီရရှိသည့်အချိန်မှ ရောင်းချပေးလေ့ရှိကြောင်း သုံးစွဲသူများထံမှ သိရသည်။
“အောက်ဘက်က တက်လာရင်တော့ ရောင်းပေးတာပေါ့၊ မရှိရင်တော့ ဒီနေ့ပိတ်သည်ဆိုပြီး စာထောင်ထားကြလေ့ရှိပါတယ်။ ကျတော်တို့ကတော့ ဟိုဘက်ဒီဘက်ကူးနေတာဆိုတော့ မဲဆောက်ဘက်မှာပဲထည့်တာများတယ်” ဟု မြဝတီ-မဲဆောက် ကုန်ပစ္စည်းပို့ဆောင်ရေးလုပ်ဆောင်နေသည့် ယာဉ်မောင်းအမျိုးသားတစ်ဦးက ပြောသည်။
ထို့ကြောင့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ဘက်မှာလည်း စက်သုံးဆီဈေးနှုန်းများမြင့်တက်နေပြီး ဖေဖော်ဝါရီ လဆန်းပိုင်းအတွင်း အောက်တိန်း 91 တစ်လီတာလျှင် ၃၁ ဘတ်ခန့်မှ ယခုအခါ ၃၆ ဘတ်ခန့်အထိမြင့်တက်လာကြောင်း သိရသည်။
စက်သုံးဆီအကျပ်အတည်းစဖြစ်ခဲ့စဉ်က မဲဆောက်မြို့မှ ကားများဖြင့် သွားရောက်ဝယ်ယူပြီး ဆီပြန်ဖောက်ရောင်းသည့်ဈေးကွက် ဖြစ်ပေါ်ခဲ့သေးသော်လည်း ယခုအခါ အောက်ဘက်မှ စက်သုံးဆီဝင်လာခြင်းကြောင့် ယင်းသို့လုပ်ဆောင်သူ နည်းပါးသွားကြောင်း မဲဆောက်-မြဝတီကူးသန်းနေသည့် ယာဉ်မောင်းများထံမှ သိရသည်။
လျှပ်စစ်မီးဖြတ်ခြင်းနှင့် စက်သုံးဆီတင်သွင်းခွင့်ဖြတ်ခြင်းတို့ကို ထိုင်းနိုင်ငံဘက်က ကျားဖြန့်များကို နှိမ်နင်းနိုင်ရန်ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့သော်လည်း အခြေခံလူတန်းစားများကိုသာ ထိခိုက်မှုဖြစ်ပေါ်စေကြောင်း မြဝတီမြို့ခံများက ဝေဖန်ပြောကြားသည်။
“ကျားဖြန့်လုပ်ငန်းတွေကို ပစ်မှတ်ထားပြီး ထိုင်းဘက်က ပိတ်တယ်ဆိုပေမဲ့ တကယ်တမ်းမှာ သူတို့ကတော့ မီးစက်ကြီးတွေနဲ့ မီးထိန်ထိန်လင်းနေတာတွေ့ရတယ်ဗျ။ ဘာလို့ဆိုတော့ သူတို့က ငွေကြေးဓနအင်အားတောင့်တယ်လေ။ ဆိုတော့ သူတို့က ထိုင်းဘက်ကမဝင်လည်း ဘားအံတို့၊ မော်လမြိုင်တို့ကနေ ဆီတွေတင်လာတာမျိုးတွေလည်း တွေ့တယ်။ အဲဒီက ဆီတွေနဲ့ပဲ အသုံးပြုနေတာတွေ့ရတယ်။ လက်ရှိဒုက္ခရောက်နေတာကတော့ အောက်ခြေလူတန်းစားတွေပေါ့နော်။ သွားရေးလာရေးအတွက် ဆီမရှိတာတို့၊ နောက်ပြီးတော့ ကျွန်တော်တို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေအတွက်က နည်းနည်းဒုက္ခရောက်နေတဲ့အပိုင်းတွေရှိတယ်ဗျ” ဟု မြဝတီမြို့အပြင် ဘားအံ၊ မော်လမြိုင်မြို့များအထိ လူမှုအကူအညီပေးရေးအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
၎င်းတို့ ပရဟိတသမားအများစုအနေဖြင့်လည်း မြဝတီတွင် ဆီမရသဖြင့် ဘားအံနှင့် မော်လမြိုင်မြို့များသို့ ရောက်ရှိပါက ၂၀ လီတာပုံးများဖြင့် ဝယ်ယူအသုံးပြုနေရသည်ဟု ၎င်းက ပြောသည်။
လက်ရှိစက်သုံးဆီဈေးကွက်အတွင်း နေ့စဉ် အချိန်ကြာမြင့်စွာ တန်းစီစနစ်ဖြင့် ဝယ်ယူနေရပြီး ဆိုင်များကလည်း အကန့်အသတ်ဖြင့် ရောင်းချပေးနေကြောင်း သိရသည်။
“များသောအားဖြင့် ဆိုင်ကယ်တစ်စီးကို ငါးထောင်ဖိုးရောင်းပေးတာ။ ကားကိုကျတော့ ငါးသောင်းရောင်းပေးတာ။ အဲဒီလိုမျိုးရောင်းပေးတာရှိတယ်။ တကယ်လို့ ဆိုင်တွေမှာ ဆီလက်ကျန်များတယ်ဆိုရင်တော့ ပိုရောင်းပေးတာမျိုးတွေတော့ရှိတယ်။ ပုံမှန်တော့မရှိဘူးဗျ” ဟု မြဝတီမြို့ခံ ယာဉ်မောင်းအမျိုးသားတစ်ဦးက ပြောကြားသည်။
ထိုသို့မြဝတီတွင် စက်သုံးဆီဈေးနှုန်းမြင့်တက်နေသော်လည်း ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်များတွင် ပြီးခဲ့သည့်အပတ်အတွင်းကထက် ဈေးနှုန်းများကျဆင်းခဲ့သည်ဟု ယင်းဈေးကွက်အတွင်းမှ သိရသည်။
ပြီးခဲ့သည့် မတ်လပထမပတ်အတွင်းကထက် အောက်တိန်း 92 နှင့် 95 တစ်လီတာလျှင် ၇၅ ကျပ်စီ၊ ဒီဇယ်တစ်လီတာလျှင် ၇၀ ကျပ်နှင့် အဆင့်မြင့်ဒီဇယ်တစ်လီတာလျှင် ၈၀ ကျပ်ဈေးသို့ ကျဆင်းသွားကြောင်း စက်သုံးဆီဆိုင်ကြီးများ၏ နေ့စဉ်ဆီဈေးနှုန်းထုတ်ပြန်ချက်များအရ သိရသည်။
ယနေ့ မတ်လ ၁၂ ရက် ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်များတွင် အောက်တိန်း 92 တစ်လီတာလျှင် ၃၁၅၅ ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင် ၃၂၀၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် ၂၆၉၀ ကျပ်နှင့် အဆင့်မြင့်ဒီဇယ်တစ်လီတာလျှင် ၃၃၃၀ ကျပ်ဈေးရှိကြောင်း သိရသည်။