By Nway / MPA
စစ်အုပ်စု၏ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) အပေါ် ဆွစ်ဇာလန်နိုင်ငံ၏ ဒဏ်ခတ်ပိတ်ဆို့မှုကို Justice For Myanmar က ကြိုဆိုကြောင်း ယနေ့ ( မတ်လ ၁၁ရက် ) သတင်းထုတ်ပြန်သည်။
MOGE ကို ဆွစ်ဇာလန်နိုင်ငံ၏ ဒဏ်ခတ်ပိတ်ဆို့မှုသည် ယနေ့(မတ်၁၁ရက်)စတင် အသက်ဝင်ပြီဟု VOA က ဖော်ပြထားပြီးယင်းဒဏ်ခတ်ပိတ်ဆို့မှုသည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီတစ်ရက်တွင် MOGE အပေါ် ဥရောပသမဂ္ဂ (အီးယူ) က ဒဏ်ခတ်ပိတ်ဆို့မှုများချမှတ်ပြီးနောက် လိုက်ပါလုပ်ဆောင်လိုက်ခြင်း ဖြစ်ကြောင်း JFM က ဆိုသည်။
“ ဒီလိုချမှတ်လိုက်ခြင်းက အီးယူဒဏ်ခတ်ပိတ်ဆို့မှုတွေထဲက အရေးကြီးတဲ့ ကယ်ပေါက်တစ်ခုကို ပိတ်လိုက်နိုင်ပြီး လေးနှစ်ကျော်ကြာ အကြမ်းဖက်စစ်အုပ်စုကို ဆန့်ကျင်ပြီး ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေနဲ့အတူ တသားတည်းရှိကြောင်း သတင်းစကားပါးလိုက်တာ ဖြစ်ပါတယ်” ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကပြောသည်။
ဆွစ်ဇာလန်နိုင်ငံသည် ၎င်းတို့တစ်နိုင်ငံတည်းအနေဖြင့် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခြင်းထက် အီးယူ၊ ကုလသမဂ္ဂ၊ ဥရောပလုံခြုံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OSCE) တို့က ကုန်သွယ်မှုပိတ်ပင်ရေး ဥပဒေမှတစ်ဆင့် ချမှတ်ထားသည့် နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုများကိုသာ အကောင်အထည်ဖော်လေ့ ရှိကြောင်း JFM က ဆိုသည်။
” ကနေဒါ၊ ယူကေနဲ့ ဩစတြေးလျနိုင်ငံတို့ကလည်း ဆွစ်ဇာလန်ရဲ့လမ်းကြောင်းအတိုင်း လိုက်ပါပြီး MOGE အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ အလျင်အမြန် လုပ်ဆောင်ဖို့ တောင်းဆိုပါတယ်”ဟု မရတနာမောင်ကပြောသည်။
MOGE သည် စစ်အုပ်စုအတွက် နိုင်ငံခြားငွေဖြင့် အခွန်ဝင်ငွေအများဆုံး ရှာဖွေပေးနေသည့် ရင်းမြစ်တစ်ခု ဖြစ်ကာ ၎င်းမှရရှိသည့်ဝင်ငွေများကို စစ်လက်နက်၊ လေယာဉ်ဆီနှင့် အခြားအထောက်အကူပြုပစ္စည်းများ ဝယ်ယူရာတွင် အသုံးပြုနေသည်။
ယခုဒဏ်ခတ်ပိတ်ဆို့မှုသည် ၂၀၂၅ခု၊ မတ်လ ခုနှစ်ရက်က မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းအပေါ် ဒဏ်ခတ်ပိတ်ဆို့ရန် ဆွစ်ဇာလန်ကို JFM ကတောင်းဆိုခဲ့ပြီး၊ Tages-Anzeiger ၏ သတင်းဖော်ပြမှုများမှတစ်ဆင့် အစိုးရအပေါ် ဖိအားပေးတောင်းဆိုမှုများ လုပ်ဆောင်ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း သိရသည်။
စာတည်း-ML