By Nway / MPA
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၌ CHUPDF နာမည်ဖြင့် ရုံးစာအတုပြုလုပ်ကာ လုပ်ငန်းရှင်များထံ ခြိမ်းခြောက် ငွေ တောင်းခံနေကြောင်း သိရသည်။
၂၀၂၅ခု၊ မတ်လ ခုနှစ်ရက်နှင့် ရှစ်ရက်၊ ရက်စွဲများဖြင့် ရုံးစာအတုပြုလုပ်ထားခြင်းဖြစ်ပြီး ချောင်းဦးမြို့နယ်ရှိ လုပ်ငန်းရှင် ခုနှစ်ဦးကို ငွေကြေးတောင်းခံထားကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHU PDF)ထံက သိရသည်။
” ဘယ်နှစ်ဦးထိ လိမ်လည်ထားလဲဆိုတာတော့ မသိသေးဘူး။ အခု ရထားတဲ့အချက်အလက်အရတော့ ခုနှစ်ဦးရှိတယ်။ အိမ်ဆောက်ပစ္စည်းဆိုင်တို့၊ စက်သုံးပစ္စည်းတို့၊ ဆန်စက်၊ ဆီစက်တွေ ဒီလိုလုပ်ငန်းရှင်တွေဆီကို စာပို့ထားတာ ” ဟု CHU PDF မှ သတင်းပြန်ကြားတာဝန်ခံက MPA ကို ပြောသည်။
ရုံးစာအတုများ၌ လုပ်ငန်းရှင်များအနေနှင့် ငွေကျပ် သုံးသိန်း ထည့်ဝင်ရန်၊ မထည့်ဝင်ပါက အသက်အိုးအိမ်ကို အာမမခံကြောင်း ခြိမ်းခြောက်ရေးသားထားသည်။
” ကျတော်တို့ သုံးသပ်တာ နှစ်ပိုင်းပေါ့။ စစ်ကောင်စီဘက်က တော်လှန်ရေးကို ပုံဖျက်ချင်လို့ တမင်တကာလုပ်သလားပေါ့။စာကလည်း ရုံးစာပုံစံ သေချာရေးထားတယ်။ မြို့ပေါ်က ဆိုင်တွေကို ပို့ထားတယ်။ ဒီလုပ်ငန်းရှင်တွေထဲက ကျတော်တို့နဲ့ ဘယ်သူအဆက်အသွယ်ရှိလဲဆိုတာ သိချင်လို့ ရှာတာလည်းဖြစ်နိုင်တယ်။ ဒါမှမဟုတ် တော်လှန်ရေးကို ခုတုံးလုပ်ပြီး ငွေရှာတာပေါ့ ” ဟု ၎င်းက ဆက်လက်ပြောသည်။
CHU PDF သည် ပြည်သူက စေတနာအလျောက်ထည့်ဝင်သည့် အလှူငွေများကိုသာ လက်ခံပြီး စာပို့ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ ခြိမ်းခြောက်အလှူခံခြင်းများ လုံးဝ မပြုလုပ်ကြောင်း၊ CHUPDF အမည်ဖြင့် ခြိမ်းခြောက်ငွေတောင်းခံခြင်းများ တွေ့ရပါက CHUPDF Facebook Page သို့မဟုတ် တပ်ဖွဲ့ဝင်တစ်ဦးဦးထံ သတင်းပေးပို့ကြရန်လည်း မေတ္တာရပ်ခံကြောင်း ဆိုသည်။
ရုံးစာအတုဖြင့်လိမ်လည်သူကိုလည်း မဖြစ်မနေဖော်ထုတ်၍ စစ်ကောင်စီနှင့်တန်းတူသတ်မှတ်ချေမှုန်းသွားမည်ဖြစ်ကြောင်းလည်း CHU PDF က ထုတ်ပြန်ထားသည်။
စာတည်း-ML