By Mg Dagon / MPA
စစ်ကောင်စီက မြန်မာဒီဂျစ်တယ်ငွေပေးချေမှုစနစ်တစ်ခုဖြစ်တဲ့ မြန်မာ QR(MMQR)ကို အသုံးပြုခွင့်ပေးလိုက်ပြီးနောက် ပုဂ္ဂလိကဘဏ်များမှ ငွေထုတ်ရပြန်လည်ကျပ်တည်းလာကြောင်း ဘဏ်ဝန်ထမ်းနှင့် စီးပွားရေးလုပ်ငန်းရှင်များထံမှ သိရသည်။
MMQR စတင်အသုံးပြုခြင်းအခမ်းအနားကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ခဲ့သည်။
လတ်တလော ရန်ကုန်အပါအဝင် မြို့ကြီးများတွင် ကမ္ဘောဇ(KBZ)၊ CB နှင့် ဧရာဝတီ(AYA)ဘဏ်တို့အပါအဝင် ပုဂ္ဂလိကဘဏ်အတော်များများ၌ လိုအပ်သည့်ငွေပမာဏကို ထုတ်ယူခွင့်မရှိဖြစ်နေခြင်းဖြစ်ကြောင်း သိရသည်။
“အခုတောင် ဘဏ်တွေက ငွေထုတ်ရကျပ်နေပြန်ပြီ၊ အားလုံးက ထိန်းထုတ်ပေးနေကြတယ်” ဟု ကမ္ဘောဇဘဏ်မှ ဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောသည်။
ယင်းမှာ စစ်ကောင်စီက ငွေပေးချေမှုစနစ်ကို Digital စနစ်သို့ ကူးပြောင်းလို၍ဖြစ်နိုင်ကြောင်း လုပ်သက်ရင့်နေပြီဖြစ်သည့် ဘဏ်ဝန်ထမ်းအမျိုးသမီးက မှတ်ချက်ပေးသည်။
“ကျမစိတ်ထင် (ပိုက်ဆံထုတ်ရန်)ကုန်ကြမ်းမရှိလို့ဖြစ်မယ်။ ငွေသားထပ်ထုတ်ရင်လည်း ငွေကြေးက ဖောင်းပွဦးမှာလေ” ဟု အထက်ပါအမျိုးသမီးက မှတ်ချက်ပေးပြောကြားသည်။
လတ်တလော ၎င်းတာဝန်ကျရာ ရန်ကုန်မြို့ရှိ KBZ ဘဏ်တွင် နေ့စဉ် လာရောက်အပ်နှံမှုနှင့် လွှဲအပ်မှုတို့အပေါ်မူတည်ပြီး ငွေထုတ်ပေးနေကြောင်း ၎င်းက ပြောသည်။
“ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကသွားထုတ်တာ KBZ က (ကျပ်သိန်း)နှစ်ရာပဲ ထုတ်ပေးတယ်။ လိုသလောက်မရခဲ့ဘူး။ အဲဒီတုန်းက CB ကတော့ လိုသလောက် ထုတ်ပေးပါတယ်” ဟု ရန်ကုန်မြို့ရှိ နာမည်ကြီးဈေးဝယ်စင်တာများတွင် အဝတ်အထည်ဆိုင်များဖွင့်လှစ်ထားသည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ထို့အပြင် ထားဝယ်မြို့ရှိ ဘဏ်အများစုတွင် မည်သူ့ကိုမဆို တစ်ရက်လျှင် ကျပ်သိန်း ၅၀ ခန့်သာ ထုတ်ပေးနေသည့်အတွက် လုပ်ငန်းရှင်အချို့အဆင်မပြေဖြစ်နေကြောင်း အဆိုပါမြို့ခံတစ်ဦးက ပြောသည်။
ထိုသို့ ပုဂ္ဂလိကဘဏ်များမှနေ၍ ငွေထုတ်ရခက်ခဲနေသည့်အတွက် ဘဏ်မှတစ်ဆင့် ငွေပေးချေမှုများကို အကန့်အသတ်ဖြင့်သာ လက်ခံနေရသကဲ့သို့ ငွေမလွှဲမီ ဘဏ်မှထုတ်ယူရ ခက်ခဲခြင်းရှိမရှိကို စုံစမ်းနေရသည့်အလုပ်တစ်ခုပိုလုပ်နေရသည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။
စစ်ကောင်စီက အသုံးပြုခွင့်ပေးလိုက်သည့် MMQR ကို လတ်တလော လူသုံးနည်းနေဆဲဖြစ်ပြီး အများစုက စမ်းသပ်အသုံးမပြုရဲကြသေးကြောင်း သိရသည်။
MMQR အသုံးပြုပြီး ငွေပေးချေမှုနှင့် အစိုးရထံ အခွန်အခ၊ မီတာခပေးဆောင်ခြင်း၊ ခရီးသွားလုပ်ငန်း၊ နိုင်ငံ့ဝန်ထမ်းများ လစာပေးခြင်း၊ ပင်စင်ထုတ်ပေးခြင်း၊ အသေးစားစီးပွားရေးလုပ်ငန်း၊ စက်သုံးဆီအရောင်းဆိုင်၊ ပုဂ္ဂလိက ဆေးရုံများ၊ ကျောင်းများနှင့် လူသုံးကုန်ပစ္စည်းများရောင်းချခြင်း အစရှိသည့် စီးပွားရေး လုပ်ငန်းစုံစုံလင်လင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ကျင်းပခဲ့သည့် MMQR အခမ်းအနားအတွင်း ပြောကြားသည်။
ထို့အပြင် ဖေဖော်ဝါရီ ၂၈ ရက်နေ့ထုတ် စစ်ကောင်စီထိန်းချုပ်ထားသည့် သတင်းစာများတွင်လည်း အသေးစားစီးပွားရေးလုပ်ငန်း၊ စက်သုံးဆီအရောင်းဆိုင်၊ ပုဂ္ဂလိကဆေးရုံတွေ၊ ကျောင်းများနှင့် လူသုံးကုန်ပစ္စည်းရောင်းချသည့် စီးပွားရေးလုပ်ငန်းများတွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။
စာတည်း-ကိုဆန်း