By Bala / MPA
မိုးဗြဲမြို့ တိုက်ပွဲများကြောင့် ဒီးမော့ဆိုတွင် အသားစျေး မြင့်တက်လာကြောင်း သိရသည်။
မတ်လလေးရက်မှစတင်ကာ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းတွင် ဝက်သား တစ်ပိဿာလျှင် ယခင် ကျပ် ၂၂၀၀၀ မှ ၃၅၀၀၀ နှင့် အမဲသား တစ်ပိဿာလျှင် ယခင် ကျပ် ၁၈၀၀၀ မှ ၃၅၀၀၀ အထိ မြင့်တက်လာခဲ့ကြောင်း သားစိမ်းရောင်းချသူတစ်ဦးက ပြောသည်။
“အခုမိုးဗြဲမှာ တိုက်ပွဲပြင်းနေတော့ လေယာဉ်တွေရော၊ဒရုန်းနဲ့ လက်နက်ကြီးပါကျနေလို့ နွားနဲ့ ဝက်တွေ ဒီးမော့ဆိုကို မဝင်နိုင်တော့ဘူးဖြစ်နေတာပေါ့”ဟု ၎င်းက MPA သို့ပြောသည်။
ဒီးမော့ဆိုအရှေ့ခြမ်းရှိ နေရာအချို့တွင်လည်း အမဲသားနှင့် ဝက်သားစျေးများ သိသိသာသာမြင့်တက်လာမှုကြောင့် စျေးဆိုင်အချို့၌ ရောင်းချခြင်းမပြုတော့ကြောင်းနှင့် သားစိမ်းရရှိရန် မှာယူရာတွင်လည်း ရက်အနည်းငယ်စောင့်ဆိုင်းရကြောင်း ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းတွင် နေထိုင်သူတစ်ဦးက ပြောသည်။
“အရှေ့ခြမ်းမှာက ငါးနဲ့ကြက်တွေက ကိုယ်ပိုင်မွေးမြူကြတော့ အမဲသားနဲ့ ဝက်သားစားချင်သူမှပဲ ဝယ်ကြတာကြောင့်လည်းပါပါတယ်။နောက်တစ်ခုက အမဲစျေးနဲ့ ဝက်စျေးတက်တော့ စျေးက ရောင်းရတာမကိုက်တော့ဘူးဖြစ်နေတာပေါ့။အဲ့ဒါကြောင့် အိမ်ဆိုင်တချို့မှာ မတင်တော့တာပေါ့”ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ဒီးမော့ဆိုမြို့နယ်အတွင်း အခြေခံစားသောက်ကုန်များဖြစ်သည့် ငရုတ်၊ကြက်သွန်နှင့် အာလူးစျေးနှုန်းသည်လည်း ကျပ်၅၀၀မှ ၁၀၀၀ကြား မြင့်တက်သွားကြောင်း သိရသည်။
ကရင်နီတော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊မိုးဗြဲမြို့ကို စစ်ကောင်စီ တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲပြင်းထန်လျက်ရှိသည်။