By Poesangle / MPA
ရှမ်းပြည်နယ်တောင်ပိုင်းတွင် မူးယစ်ဆေးဝါးဖမ်းဆီးမှု နည်းပါးခြင်းကြောင့် ဘိန်းစိုက်ပျိုးမှု ပိုမိုများပြားလာကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဘိန်းစိုက်တောင်သူများသည် ယင်းဒေသများမှ လက်နက်ကိုင်အဖွဲ့များထံသို့ လစဉ် သိန်းနှင့်ချီကာ အခွန်ငွေပေးဆောင်ပြီး လွတ်လပ်စွာ ဘိန်းစိုက်ပျိုး နေခြင်းလည်းဖြစ်သည်။
“ အရင်က ဘိန်းတိုက်ဖျက်ရေး စစ်ဆင်ရေးတွေကို ရဲနဲ့ စစ်တပ်ပူးပေါင်းပြီး နှစ်စဉ်လုပ်တယ်။ အာဏာသိမ်းပြီးနောက်ပိုင်း လုပ်တာ မတွေ့ရတော့ဘူး။ အဲ့ဒါကြောင့် ဘိန်းစိုက်တောင်သူတွေ လွတ်လွတ်လပ်လပ်လုပ်ကိုင်လာကြ တာ၊ အရင်က ဖျက်ဆီးတယ်ဆိုတာလဲ အပေါ်ယံပဲလုပ်တာ၊ ဖျက်ပေးဖို့ဘိန်းစိုက်ခင်းတွေကို တောင်သူတွေက စိုက်ပေးတယ်။ အဲ့ဒီနေရာမှ အဖျက်ပြတယ် ။ စိုက်ခင်းဖျက်တာကို ပုံရိုက်ပြတယ်။ ပုံရိုက်ပြီး ငွေတောင်းပြန်ကြတာ” ဟု ဆီဆိုင်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ထို့ပြင် ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ်( PNO)နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မ တော်(PNLA)တို့အကြား တိုက်ပွဲများဖြစ်ပွားမှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသော်လည်း ဘိန်စိုက်ပျိုးမှုသည် လျော့ကျသွားခြင်းမရှိသည့်အပြင် စိုက်ခင်းဧကများ ပိုမိုများပြားလာကြောင်း ဒေသခံများက ဆိုသည်။
လက်ရှိ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်း၊ မိုင်းကိုင်နှင့် လဲချား စသည့်မြို့နယ်များ၌ ဘိန်းစိုက်ပျိုးမှုများ ပိုမိုများပြားလာကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ယခုကာလသည် ဘိန်းစိုက်ခင်းများမှ ဘိန်းများကို ခြစ်ထုတ်သည့် ကာလဖြစ်ပြီး လက်ရှိ ဘိန်း တစ်ပိဿာလျှင် ကျပ် ၁၀သိန်းထိ ပေါက်စျေးရှိနေကြောင်း သိရသည်။
ထို့ပြင် ပင်လောင်းမြို့နယ်တွင်လည်း စစ်ကောင်စီနှင့် ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်ဦး(DSNDF/DSNDA ) တို့အကြားတိုက်ပွဲဖြစ်ပွားနေသော်လည်း စစ်ကောင်စီနှင့် ပြည်သူ့စစ်လှုပ်ရှားသည့် နယ်မြေအချို့၌ ဘိန်းစိုက်ပျိုးမှုများ ရှိနေကြောင်း ဒေသခံများက ဆိုသည်။
“ ဘိန်းက တစ်ပိဿာကို ၁၀သိန်းထိ ပေါက်စျေးရှိတယ်။ ရေခြံက ဘိန်းမည်းတွေဆိုရင် ဒီချိန်မှာ စခြစ်လို့ရပြီ၊ ကုန်းခြံက ထွက်တဲ့ဘိန်းကတော့ စျေးပိုရတယ်လို့ပြောတယ်။ စိုက်ရတာလဲ အဆင်ပြေတော့ ဒေသခံတွေက စီးပွားဖြစ် စိုက်ပျိုးလာကြတာ၊ ပြန်ရောင်းရင်လည်း စျေးကောင်းရတယ်လေ၊ ပြီးရင် လက်နက်ကိုင်တွေကို သတ်မှတ်ထားတဲ့ အခွန်ပေးရင်လည်း ဘာပြဿနာမှ မရှိဘူး၊ တချို့ဆို အလှပုံတွေတောင်သွားရိုက်ကြတယ် ” ပင်လောင်းမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါဒေသတွင် စစ်ကောင်စီကို တော်လှန်ရေသည့် တိုင်းရင်းသားလက်နက်ကိုင်များသည် တော်လှန်ရေးကို အာရုံစိုက်နေရသည်ကို အခွင့်ကောင်းယူကာ ပျူစောထီးအဖွဲ့ဝင်မျးာသည် ဘိန်းစိုက်ပျိုးမှုကို ပိုမိုပြုလုပ်လာခြင်းဖြစ်ကြောင်း ဒေသခံများက ထောက်ပြသည်။
“ အာဏာမသိမ်းခင်ကတောင် မိုင်းကိုင်၊ လဲချား၊ ဆီဆိုင်၊ ပင်လောင်းဘက်တို့မှာ ဘိန်းအရမ်းစိုက်တာ၊ အခုစျေးကောင်းရတော့ ပိုပြီးတော့ စိုက်ပျိုးသူများလာတယ်။ ဒါကဒေသခံတွေရဲ့ အသက်မွေးဝမ်းကျောင်းတစ်ခုလို တောင်ဖြစ်လာတယ်။ အခြားအလုပ်တွေထက်စာရင် ဒီအလုပ်ပိုလုပ်ဖြစ်တယ်။ ဒါကိုလည်း တားတဲ့အဖွဲ့မရှိဘူး။ ဒါပေမဲ့ အခွန်တော့ဆောင်ရတယ် ” ဟု ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုနှိမ်နှင်းရေးအဖွဲ့(UNODC)က ယမန်နှစ်၊ ဒီဇင်ဘာ ၁၂ရက်တွင် ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်တစ်စောင်၌ မြန်မာနိုင်ငံသည် ၂၀၂၄ခုနှစ်အတွင်း ဘိန်း ဧရိယာ ၄၅၂၀၀ ဟက်တာ စိုက်ပျိုးခဲ့ပြီး ကမ္ဘာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေပြီး အဆိုပါ ဘိန်းစိုက်ပျိုးဟက်တာများ၏ ၈၈ ရာခိုင်နှုန်းသည် ရှမ်းပြည်နယ်ဖြစ်ကြောင်း ဆိုထားသည်။