By Ra Wai / MPA
၂၀၂၅ ခုနှစ်သို့ ရောက်သည့်အချိန်တွင် အိမ်ဆောက်ပစ္စည်းများမှာ ၂၅ ရာခိုင်နှုန်းနှင့်အထက် ဈေးတက်သွားကြောင်း သိရသည်။
အိမ်ဆောက်ပစ္စည်းများဖြစ်သည့် သံချောင်း၊ ဘိလပ်မြေ၊ အုတ်၊ သဲ စသည့် ပစ္စည်းများမှာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာဈေးထက် သိသိသာသာ ဈေးမြင့်တက်သွားခြင်းဖြစ်ကြောင်း ရန်ကုန်အခြေစိုက် အသေးစားဆောက်လုပ်ရေးလုပ်ငန်းရှင် တစ်ဦးကဆိုသည်။
“ဘိလပ်မြေဆိုရင် ဒီဇင်ဘာ (၂၀၂၄ ခုနှစ်) တုန်းက ၁၆၅၀၀၊ ၁၇,၀၀၀။ ၂၀၂၅လည်း ရောက်ရော ၃၀,၀၀၀ အထိ ဈေးတက်သွားတယ်။ အခု ဖေဖေါ်ဝါရီမှ ၂၇,၀၀၀ ပြန်ဖြစ်တာ။ ပြောရရင် ဘိလပ်မြေက ၁၀,၀၀၀ တက်သွားတာပေါ့” ဟု ၎င်းက MPA သို့ ပြောသည်။
ဘိလပ်မြေဈေး ယင်းသို့ ထောင်တက်သွားသော်လည်း လိုသလောက်ဝယ်၍ မရသေးကြောင်း သိရသည်။
“အိတ် ၁၀၀ လောက်ဆို ရတယ်။ အိတ် လေး၊ငါးရာ ဆိုရင် ဝယ်မရဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
မြန်မာထိုင် အိမ်သာကြွေခွက်မှာ ၂၀၂၄ နှစ်ကုန်ပိုင်းက ကျပ် ၄၃,၀၀၀ ရှိခဲ့ရာမှ ယခုအခါ ကျပ် ၅၅,၀၀၀ ဖြစ်နေကြောင်း သိရသည်။
“ဆောက်လုပ်ရေး အလတ်စားတွေရော အသေးစားရော ဘယ်သူမှ အလုပ်မဖြစ်ဘူး။ တခြား လုပ်စရာလည်း မရှိလို့ လုပ်နေရတာ။ ဈေးတွေကတက်၊ လူတွေက စီးပွားရေးမပြေဆိုတော့ ဘယ်သူမှ အိမ် မဆောက်နိုင်ဘူး။ ရသလောက် မှေးလုပ်နေရတာ” ဟု ၎င်းက ပြောသည်။
ဆောက်လုပ်ရေး လုပ်ငန်းငယ်များတွင် အုတ်ထမ်း၊ သဲထမ်း၊ မဆလာထမ်းရသည့် လူကြမ်းဟုခေါ်သော အလုပ်သမားဈေးမှာ တစ်နေ့လျှင် ကျပ် တစ်သောင်းခွဲဖြစ်ပြီး ပန်းရန်ဆရာတို့မှာ ကျပ် နှစ်သောင်းခွဲ ဖြစ်ကြောင်း သိရသည်။