By Ra Wai / MPA
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်ရှိ စက်သုံးဆီဆိုင်များတွင် ဒီဇယ်ဆီကို နံနက်ပိုင်းခဏသာ ဟန်ပြရောင်းချပေးနိုင်သေးကြောင်း သိရသည်။
ကရင်နယ်ခြားစောင့်တပ် BGF နဲ့ ဒီမိုကရေစီအကျိုး ပြု ကရင်တပ်မတော် DKBA တို့က ဒီဇယ်ဆီ အများအပြား လာဝယ်သွားခြင်းကြောင့် ဖေဖေါ်ဝါရီ ၁၄ ရက်မှ စတင်ကာ မွန်ပြည်နယ်အတွင်းရှိ မြို့အချို့တို့တွင် ဒီဇယ်ဆီ စတင်ရှားပါးခဲ့ပြီး ဖေဖေါ်ဝါရီ ၂၁ ရက်တွင် မော်လမြိုင်ဆီဆိုင်များ၌ နံနက်ပိုင်း ကိုးနာရီအထိသာ ဟန်ပြရောင်းချပေးနိုင်ကြောင်း မော်လမြိုင်သတင်းရင်းမြစ်ထံက သိရသည်။
“မနက်စောစောကနေ အလွန်ဆုံးကိုးနာရီအထိပဲ။ ကိုးနာရီကျော်သွားရင် လက်ခါပြပြီ။ ကားနဲ့လာဝယ်၊ လိုသလောက်မရဘူး။ ပါဆယ်မပေးဘူး” ဟု ဖေဖေါ်ဝါရီ ၂၁ ရက်ညတွင် ၎င်းက MPA သို့ပြောသည်။
မော်လမြိုင်မြို့ရှိ တရားဝင်ဆီဆိုင်များတွင် ဒီဇယ်ဆီကို သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးနေသော်လည်း အချို့ဆိုင်များက ကျပ် ၅၀,၀၀၀ ဖိုးသာ ရောင်းချပေးပြီး ဆီဆိုင်အချို့က ကျပ် တစ်သိန်းဖိုးအထိ ရောင်းချပေးကြောင်း သိရသည်။
ယင်းသို့ အကန့်အသတ်ဖြင့်သာ ရောင်းချပေးပြီး ပါဆယ်မရသဖြင့် မော်လမြိုင်မြို့ပေါ်ရှိ မီးစက်ဖြင့် လည်ပတ်နေရသော လုပ်ငန်းများ၊ ကျိုက်မရောနှင့်မုဒုံရှိ နွေစပါးစိုက်ခင်းများနှင့် သံဖြူဇရပ်ရှိ ဆား လုပ်ငန်းတို့မှာ ဒုက္ခရောက်နေကြကြောင်း သိရသည်။
“နွေစပါးကျတော့ အခုအောင်ရေရဖို့ စပါးခင်းတွေထဲ မြစ်ရေကို ရေစုပ်စက်နဲ့မောင်းပြီး တင်ရတယ်။ အခု ရေစုပ်စက်မောင်းဖို့ ဆီမရှိဘူး။ ကျတော်တို့ဆီက ပြည်နယ်အစိုးရဆိုတဲ့ကောင်တွေ သူတို့နဲ့မဆိုင်သလိုပဲ၊ မသိချင်ယောင်ဆောင်နေကြတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
သံဖြူဇရပ်မြို့နယ်အတွင်းရှိ နေလှမ်းဆား ထုတ်လုပ်သည့်လုပ်ငန်းများမှာ ပင်လယ်ရေကို ရေစုပ်စက်ဖြင့် မောင်းကာ ဆားကွင်းထဲသွင်းရပြီး ဒီဇယ်ဆီ ဝယ်မရသဖြင့် ဆားကွင်းအချို့ လုပ်ငန်းရပ်ထားကြောင်း သိရသည်။
ဖေဖေါ်ဝါရီ ၅ ရက်မှစတင်ကာ အွန်လိုင်းငွေလိမ်ဂိုဏ်း ကျားဖြန့်နှိမ်နင်းရေးအတွက် ထိုင်း-မြန်မာ နယ်စပ် မြဝတီ၊ဘုရားသုံးဆူနှင့် တာချီလိတ်မြို့များသို့ လျှပ်စစ်မီး၊ အင်တာနက်နှင့် လောင်စာဆီ တင်သွင်းမှုကို ထိုင်းအစိုးရက ရပ်ဆိုင်းခဲ့သည်။ ယင်းနောက် BGF နှင့် DKBA တို့သည် ကရင်ပြည်နယ် နှင့်မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တို့မှ ဒီဇယ်များ လိုက်လံဝယ်ယူကာ မြဝတီ၊ ဘုရားသုံးဆူနှင့် ရွှေကုက္ကိုလ်တို့သို့ ပို့ဆောင်နေခြင်းဖြစ်သည်။