By Ra Wai / MPA
ရန်ကုန်မြို့၊ ဆင်ခြေဖုံးရပ်ကွက်များရှိ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များတွင် ဝယ်ယူသူပင်မရှိသည့် အဖြစ်သို့ရောက်ရှိနေကြောင်း ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်များထံမှ စုံစမ်းသိရှိရသည်။
စီးပွားရေး ပိုမိုကျပ်တည်းလာပြီး ဆောက်လုပ်ရေးလုပ်ငန်းများ၊ အိမ်ပြုပြင်ခြင်းလုပ်ငန်းများ ရပ်တန့်နေခြင်းများကြောင့် အိမ်ဆောက်ပစ္စည်းဆိုင်များ၌ ဝယ်ယူသူမရှိသည့် အဖြစ်သို့ရောက်ရှိနေရခြင်းဖြစ်သည်ဟု မရမ်းကုန်းမြို့နယ်အတွင်းရှိ ဆောက်လုပ်ရေးပစ္စည်းဆိုင် တစ်ဆိုင်မှ မန်နေဂျာတစ်ဦးက ပြောသည်။
“ကျတော်တို့ဆိုင်ကြီးတွေလည်း ပြာတာပဲ။ ဒါပေမဲ့၊ဆိုင်ကြီးတွေက ဝန်ထမ်းအင်အား တတ်နိုင်သလောက်လျှော့ပြီး တစ်နေ့ကောင်းလာနိုးနဲ့ မှေးပြီးသွားနေကြတာ၊ ရပ်ကွက်တွေထဲက ကျတော်တို့ ဆိုင်ကြီးတွေကနေ ဝယ်ပြီး ပြန်ရောင်းတဲ့ဆိုင်တွေက အခြေအနေတော်တော်ဆိုးတယ်”ဟု ၎င်းက MPAသို့ပြောသည်။
ထို့ပြင် ဆင်ခြေဖုံးရပ်ကွက်များအတွင်း ဆိုင်းခန်းဌား၍ ဖွင့်ထားသည့် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်အများစုသည် ဆိုင်ခန်းငှားခပင် ပြန်မရသဖြင့် ပိတ်လိုက်ရသည့် ဆိုင်များလည်းရှိကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
“ကျမတို့ဆိုင် ဒီလကုန်လောက်ဆို ပိတ်ပါပြီ? တစ်သက်လုံး ဒီဆိုင်လေးဖွင့်ပြီး မိသားစု ထမင်းစားလာတာ အခုကတော့ ဘယ်လိုမှ ဆက်တောင့်မခံနိုင်တော့ဘူး။ ဒါတောင် ကိုယ့်မြေမှာကိုယ်ဖွင့်တာ၊ ဆိုင်ခန်းခ ပေးစရာမလိုဘူး။အခြေအနေ အရမ်းဆိုးသွားပြီ”ဟု သာကေတမြို့နယ်၊ ငါးရပ်ကွက်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
လက်ရှိ ရန်ကုန်မြို့ရှိ အခြေခံလူတန်းစားများသည် ထမင်းနပ်မှန်ရေးကိုပင် လုံးပန်းနေရပြီး ပျက်ယွင်းနေသည့် အိမ်များကိုပါ မပြင်ဆင်နိုင်ခြင်းကြောင့် အိမ်ဆောက်ပစ္စည်းရောင်းချနိုင်မှု နည်းပါးလာခြင်းလည်းဖြစ်သည်။
“ကျမတို့ဆိုင်တွေရဲ့ ဈေးကွက်က ရပ်ကွက်ထဲက အိမ်ပြင်တာ၊ အိမ်ဆောက်တာကို အဓိက မှီခိုရတာ၊ အခုငွေ၁၀၀၀ နဲ့ လူတစ်ယောက် မနက်ဗိုက်မပြည့်တော့ဘူး”ဟု ၎င်းက ဆက်လက်ပြောသည်။
ရန်ကုန်တွင် မြေဈေးထက် အိမ်ဆောက်လုပ်မှု ကုန်ကျစရိတ်က ပိုမြင့်လာသဖြင့် ၂၀၂၅ခုနှစ်တွင် လည်း အိမ်ဆောက်လုပ်သူ မရှိသလောက်ရှားကြောင်း ရန်ကုန်အခြေစိုက် အသေးစားဆောက်လုပ်ရေးလုပ်ငန်းရှင် တစ်ဦးကဆိုသည်။
“လူတွေက အဆင်မပြေရတဲ့ကြားထဲ ဈေးတွေက တက်ပြီးရင်း တက်နေတော့ ဘယ်သူကမှ မလိုဘဲ အပိုအကုန်မခံတော့ဘူး။ ပြီးခဲ့တဲ့ တစ်ပတ်က သူငယ်ချင်း ရဲစခန်းမှူးနဲ့ဆုံတော့ သူပြောပြတယ်။ ရန်ကုန်မှာ လောင်းကစားဈေးကွက်ထဲတောင် ငွေသုံးအား တော်တော်ကျနေပြီတဲ့၊ အခုထိ ရန်ကုန်မှာ အလုပ်ဖြစ်နေသေးတာ မူးယစ်ဆေးဝါးရောင်းတာပဲ ရှိတယ်လို့ပြောတယ်”ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့ရှိ အသေးစား၊အလတ်စားနှင့် အကြီးစား ဆောက်လုပ်ရေးလုပ်ငန်းဈေးကွက်မှာ မသေရုံ တမယ် လည်ပတ်နေကြရုံသာရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။
ယခုကဲ့သို့ ဆောက်လုပ်ရေးလုပ်ငန်းပျက်စီးနေခြင်းကြောင့် ဆောက်လုပ်ရေးလုပ်သားများသည်လည်း အလုပ်လက်မဲ့ဖြစ်ကာ ကြုံရာကျပန်း အလုပ်များကို ရှာဖွေလုပ်ကိုင်နေရကြောင်းလည်း သိရသည်။