By Hlaing / MPA
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်တွင် ပဲစင်းငုံစျေးကျနေသည့်အပြင် ဝယ်လက်မရှိ၍ တောင်သူများခက်ခဲနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ ခုနှစ် မိုးစပါးရိတ်သိမ်းပြီးနောက် စိုက်ပျိုးထားသည့် ဆောင်းသီးနှံ ပဲစင်းငုံများသည် စျေးကောင်းမရရှိသည့်အပြင် ပခုက္ကူနှင့် ဆောမြို့နယ်သို့ ဆက်သွယ်ထားရာ လမ်းပိုင်း၌ တိုက်ပွဲများဖြစ်ပွားနေ၍ လာရောက်ဝယ်ယူသည့် ကုန်သည်ပွဲစားများမှာလည်း ရှားပါးနေသောကြောင့် ဒေသခံတောင်သူများ အခက်အခဲ ကြုံတွေ့နေရခြင်း ဖြစ်သည်။
အဆိုပါ ဆောင်းသီးနှံ ပဲစင်းငုံကို ယခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှစ၍ ရိတ်သိမ်းထားသော်လည်း တောင်သူအများစုမှာ လက်ရှိအချိန်ထိ ရောင်းချနိုင်ခြင်းမရှိ၍ အမြတ်မရသည့်အပြင် ရိတ်သိမ်းခ၊ အစေ့ခြွေခ၊ ဆေးဖြန်းခတို့ကြောင့် အရှုံးပေါ်နေကြကြောင်း သိရသည်။
“ ကျတော့အခင်းက ပဲစင်းငုံတွေဆိုရင် လှတယ်။ ဒါပေမဲ့ လာဝယ်သူလည်း မရှိဘူး။ ရွာထဲက ကားပိုင်ရှိသူတွေကတော့ ပေါက်စျေးအောက်ကနေ စျေးနှိမ်ပြီး ဝယ်တယ်။ တိုက်ပွဲဖြစ်နေတာရယ်၊ ပခုက္ကူမှာပေါ်တာဆွဲကြမ်းနေတာတွေကြောင့်လည်း သွားမရောင်းရဲဘူး။ အိမ်မှာဘဲ သိမ်းထားပြီး ပြုတ်စားဖို့ပဲ ထားထားတယ်” ဟု ဆောမြို့နယ်အတွင်းနေထိုင်သည့် အသက် ၅၈ နှစ်အရွယ် တောင်သူအမျိုးသားတစ်ဦးက MPA သို့ ပြောသည်။
စစ်တပ် အာဏာမသိမ်းခင် ကာလများ၌ နီးစပ်ရာ မြို့ပေါ်ရှိ ပွဲရုံများသို့ သွားရောက်၍ သီးနှံရောင်းချမှုများ ပြုလုပ်နိုင်သော်လည်း လက်ရှိတွင် မြို့ပေါ်၌ စစ်ကောင်စီတပ်က ပေါ်တာဆွဲခြင်း၊ စစ်ဆေးရေးဂိတ်များတွင် ငွေညှစ်ခြင်းနှင့် ပစ္စည်းများသိမ်းဆည်းခြင်းတို့ကို လုပ်ဆောင်နေ၍ ားရောက်ရောင်းချနိုင်ခြင်းမရှိကြောင်း ၄င်းက ဆက်လက်၍ ပြောသည်။
ဆောမြို့နယ်တွင် ယမန်နှစ်(၂၀၂၄ခုနှစ်)က ပဲစင်းငုံတစ်တင်း( ၂၀ ပိသာ) လျှင် ၁၃၀၀၀၀ ကျပ် ဝန်းကျင်ထိ ရှိခဲ့သော်လည်း လက်ရှိ ပဲစဥ်းငုံတစ်တင်း( ၂၀ ပိသာ) လျှင် ၇၀၀၀၀ မှ ၈၄၀၀၀ ကျပ် ဝန်းကျင်ထိသာ စျေးပေါက်နေကြောင်း ဒေသခံတောင်သူများက ဆိုသည်။
“ ရိတ်ခြွေခဆိုရင် နေ့စားငှားခ တစ်ရက်ကို ၁၀၀၀၀ ပေးရတယ်။ ပြန်ရောင်းရင် တစ်တင်းမှ ၈၀၀၀၀ ဝန်းကျင်ပဲရတယ်။ အမြတ်မကျန်ဘူးလေ၊ အရင်လကဆို စျေးက ၇၀၀၀၀ ထိ ရောက်ခဲ့တာ” ဟု အသက် ၄၀ အရွယ် တောင်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။
ထို့ပြင် စိုက်ပျိုးရေးလုပ်ငန်းများ၌ စိုက်ပျိုးရေးသုံး ဆေးဝါးပစ္စည်းများ စျေးနှုန်းမြင့်တက်ခြင်း၊ စက်သုံးဆီခများမြင့်တက်ခြင်းနှင့် နေ့စားလုပ်သားခများ စျေးကြီးမြင့်ခြင်းတို့အပြင် လယ်ယာစိုက်ပျိုးရေးဘဏ်မှလည်း စိုက်ပျိုးရေးချေးငွေများမရရှိ၍ တောင်သူများ ပိုမိုအခက်တွေ့နေရခြင်းဖြစ်သည်။
“ ကျောက်ထုမြို့ပေါ်မှာကလည်း ဘဏ်တွေမဖွင့်တော့ဘူး။ စိုက်ပျိုးစရိတ်ချေးငွေတွေလည်း မရတော့ အခက်အခဲတော့ရှိတယ်” ဟု အမည်မဖော်လိုသည့် ဒေသခံတောင်သူတစ်ဦးက ဆိုသည်။
လယ်ယာသီးနှံထွက်ကုန်တစ်မျိုးဖြစ်သည့် ပဲစင်းငုံသည် ပြည်ပပို့ကုန်စာရင်းဝင် သီးနှံတစ်မျိုးလည်းဖြစ်သည်။
လက်ရှိတွင် အိန္ဒိယဘက်မှ ပဲစင်းငုံဝယ်လိုအားပေါ် မူတည်၍ စျေးနှုန်းအနည်းငယ် မြင့်တက်နေကာ ပဲစင်းငုံတစ်တန်လျှင် ကျပ် ၂၈ သိန်းမှ သိန်း ၃၀ ဝန်းကျင်အထိ ရှိနေပြီး ဆက်လက်၍လည်း စျေးမြင့်တက်နိုင်ကြောင်း ကုန်သည်များက သုံးသပ်ကြသည်။
“ အိန္ဒိယဘက်ကလည်း သူတို့ ပြည်တွင်းမှာဘဲ အထွက်တိုးအောင် ပဲစင်းငုံ၊ ပဲရာဇာ တိုးစိုက်မယ်လို့ ပြောထားတယ်။ အခု ကျတော်တို့ ပြည်တွင်းထဲမှာက အဘက်ဘက်ကအခက်အခဲတွေနဲ့ ကြုံနေရတော့ ပဲစျေးကွက်မှမဟုတ်ဘူး၊ စျေးအတက်အကျကြည့်ပြီး လှောင်သင့်ရင်လှောင်၊ ထုတ်သင့်ရင်ထုတ် အဲ့ဒီလိုသွားနေရတယ်” ဟု ပခုက္ကူမြို့မှ ကုန်သည်တစ်ဦးက ဆိုသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ငွေကြေးဖောင်းပွမှု၊ အခြေခံစားသောက်ကုန်စျေးနှုန်းများ မြင့်တက်မှုနှင့် လယ်ယာလုပ်ငန်းသွင်းအားစုစျေးနှုန်းများ အဆမတန်မြင့်တက်နေသော်လည်း စပါးစျေးနှုန်းများနှင့် ပဲအမျိုးမျိုးစျေးနှုန်းများမှာ သိသိသာသာမြင့်တက်လာခြင်းမရှိသောကြောင့် တောင်သူများ ပိုမိုခက်ခဲနေခြင်း ဖြစ်သည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကအားထား၍ စိုက်ပျိုးသည့် နိုင်ငံဖြစ်သော်လည်း စိုက်ပျိုးရေးသွင်းအားစုများ စျေးနှုန်းမြင့်တက်နေမှုကို စစ်ကောင်စီက ထိန်းချုပ်နိုင်ခြင်းမရှိသည့်အပြင် စက်သုံးဆီစျေးနှင့် လုပ်အားခစျေးကြီးမြင့်မှုများကြောင့် တောင်သူလယ်သမားများသည် ကုန်ကျစရိတ် ပိုမိုများပြားကာ နှစ်စဥ် အရှုံးနှင့် ရင်ဆိုင်နေကြရသည်။