By Poesangle/ MPA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် အဆမတန်မြင့်တက်နေသည့် အခြေခံစားသောက်ကုန်စျေးနှုန်းများသည် တရုတ်-မြန်မာ နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းကြောင့် စျေးနှုန်းများ ပြန်လည်ကျဆင်းလာကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ယမန်နှစ်( ၂၀၂၄ခုနှစ်) ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတွင် နမ့်ခမ်းမြို့၌ အခြေခံစားသောက်စျေးနှုန်းများသည် အဆမတန်မြင့်တက်ခဲ့ပြီး ဆန်(၈၈၁ အမျိုးစား) တစ်အိတ်လျှင် တစ်သိန်းရှစ်သောင်းကျပ်၊ စားဆီ သုံးပိဿာဆန့် တစ်ဘူး လျှင် ခုနှစ်သောင်းကျပ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ခရမ်းချဉ်သီး တစ်ပိဿာလျှင် တစ်သောင်းကျပ်၊ အာလူး တစ်ပိဿာလျှင် တစ်သောင်းနှစ်ထောင်ကျပ်ထိ စျေးနှုန်းမြင့်တက်ခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ မြင့်တက်ခဲ့သည့် ကုန်စျေးနှုန်းများသည် ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီ လဆန်းပိုင်းမှ စတင်ကာ အနည်းငယ်ကျဆင်းလာပြီး ဆန်(၈၈၁ အမျိုးစား) တစ်အိတ်လျှင် ကျပ်တစ်သိန်းခွဲ၊ စားသုံးဆီ သုံးပိဿာဆန့် တစ်ဘူးလျှင် လေးသောင်းကျပ်၊ ကြက်သွန်နီ တစ်ပိဿာ ကျပ်ခုနှစ်ထောင်၊ ကြက်သွန်ဖြူ တစ်ပိဿာ ကျပ်ကိုးထောင်၊ အာလူးတစ်ပိဿာ ကျပ်ငါးထောင်နှင့် ခရမ်းချဉ်ဦး တစ်ပိဿာ ကျပ်လေးထောင်အထိ စျေးနှုန်းကျဆင်းလာခြင်းဖြစ်သည်။
“ အခု နယ်စပ်ဂိတ်မှာ လူတစ်ယောက်ကို ဆီတစ်ဘူး သယ်လို့ရပြီ၊ အရင်ကဆို ပေးမသယ်ဘူး။ တချို့စားသောက်ကုန်တွေလည်း နည်းနည်းဆီသယ်လို့ရပြီ၊ တရုတ်နှစ်သစ်ကူးမတိုင်ခင်က ဘာမှ ပေးမသယ်ဘူး။ တရုတ်ယွမ်စျေးက အများကြီး မကျသေးဘူး။ အခုကုန်စျေးနှုန်း ပြန်ကျတာက ဂိတ်တွေဖွင့်ပေးလို့ပါ ” ဟု နမ့်ခမ်းမြို့တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။
ယမန်နှစ်အတွင်း တရုတ်-မြန်မာနယ်စပ်ဂိတ်များကို တရုတ်နိုင်ငံဘက်က ပိတ်ထားသည့်အပြင် ၂၀၂၄ခုနှစ်၊ နိုဝင်ဘာ ၂၃ရက်မှ စတင်ကာ နမ့်ခမ်း-မူဆယ်သို့ ဆက်သွယ်ထားသည့် ပန်ခမ်းတံတားကို စစ်ကောင်စီက ကုန်စည်တင်သွင်းခွင့် ပိတ်လိုက်ခြင်းကြောင့် နမ့်ခမ်းမြို့အတွင်း ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်ခဲ့ခြင်းလည်းဖြစ်သည်။
လက်ရှိ နမ့်ခမ်း-မူဆယ်သို့ ဆက်သွယ်ထားသည့် ပန်ခမ်းတံတားကို စစ်ကောင်စီက ပြန်လည်ဖွင့်လှစ်ပေးထားသော်လည်း နေ့စဉ်ဖွင့်လှစ်ပေးခြင်းမျိုးမဟုတ်ဘဲ ၎င်းတို့ ဖွင့်လှစ်ပေးခြင်သည့် အချိန်မှ ဖွင့်လှစ်ပေးကြောင်း ဒေသခံများထံမှ သိရသည်။
“ ကျမက ကလေးနဲ့ဆိုတော့ ဂိတ်မှာ သိပ်အစစ်ဆေးမခံရဘူး။ ပစ္စည်းတွေလည်း သယ်လာလို့ရပြီ၊ တချို့ဆိုရင် ဆီပုံးတွေတောင်သယ်လာတယ်။ နမ့်ခမ်းမှာလည်း လမ်းတွေပြန်ဖွင့်လို့ ကုန်စျေးနှုန်းတွေ ကျလာတယ်လို့ ပြောလို့ရတယ်။ ဓာတ်ဆီစျေးနှုန်းလည်းကျဆင်းလာတယ်” ဟု နမ့်ခမ်းမြို့၊ အောင်မင်္ဂလာရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောသည်။
ယမန်နှစ် ဒီဇင်ဘာလအတွင်း နမ့်ခမ်းမြို့၌ ဓာတ်ဆီတစ်လီတာ တစ်သောင်းကျပ်ထိ စျေးနှုန်းမြင့်တက်ခဲ့သော်လည်း ယခုနှစ် ဇန်နဝါရီလမှစတင်ကာ ဓာတ်ဆီ တစ်လီတာ ကျပ်ခုနှစ်ထောင်မှ ခုနှစ်ထောင့်ငါးရာကျပ်အထိသာ ပေါက်စျေးရှိတော့ကြောင်း သိရသည်။
“ အရင်ကထက်စာရင်တော့ ပိုပြီးအဆင်ပြေလာတယ်လို့ ပြောရမယ်။ အရင်ကဆို ပိုက်ဆံတစ်သောင်းမပြောနဲ့ တစ်သိန်းတောင်ဘာတန်ဖိုးမှ မရှိသလိုခံစားရတယ်။ တစ်သောင်းဆို ဓာတ်ဆီ တစ်ဘူးအပြည့်တောင်မရဘူး။ အခုတော့ တဖြည်းဖြည်း အဆင်ပြောလာတယ် ” နမ့်ခမ်းမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
မူဆယ်မြို့နှင့် ၂၇မိုင်ခန့်သာဝေးသည့် နမ့်ခမ်းမြို့ကို ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလအတွင်း TNLA ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ သိမ်းပိုက်ပြီးနောက် စစ်ကောင်စီနှင့် တရုတ်နိုင်ငံတို့က ကုန်သွယ်ရေးလမ်းကြောင်းများကို ပိတ်ဆို့ခဲ့မှုကြောင့် ဒေသခံများသည် ကုန်စျေးနှုန်းအဆမတန်မြင့်တက်မှုကို ခံစားခဲ့ရသည်။