By Ko Paing / MPA
ရန်ကုန်ဆင်ခြေဖုံးမြို့နယ်များရှိ ကေတီဗီဆိုင်တို့မှာ ပေါ်တာဆွဲခြင်းကြောင့် ညဘက် လူအဝင်မရှိသ လောက်ဖြစ်နေကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာမှစတင်ကာ ရန်ကုန်မြို့တွင် စစ်ကောင်စီတပ်က ပေါ်ပေါ်ထင်ထင် ပေါ်တာဆွဲ လာခြင်းကြောင့် ဆင်ခြေဖုံးမြို့နယ်များရှိ ကေတီဗီဆိုင်များသို့ လာအဝင်မရှိသလောက်ဖြစ်ကာ အချို့ သောကေတီဗီဆိုင်တို့မှာ လုံးဝပိတ်လိုက်ပြီဖြစ်ကြောင်း ရန်ကုန်ရဲသတင်းရင်းမြစ်ထံက သိရသည်။
“ပေါ်တာက နေ့ရောညပါ လမ်းမပေါ်မှာ ဗြောင်ဆွဲတယ်။ရန်ကုန်က မြို့စွန်တွေမှာ ညဘက်ဆို ပိုဆွဲသေးတယ်။ရဲတွေက ကေတီဗီဆိုင်တွေကနေ လိုင်းကြေးရနေတာလေ။အခု လိုင်းကြေးမရလို့ ရဲ တွေလည်းငတ်ပဲ။ကျတော်နဲ့သိတဲ့ ကေတီဗီဆိုင်တချို့က လူမလာလို့ လုံးဝပိတ်ထားရတယ်”ဟု ၎င်းက MPAသို့ ပြောသည်။
ရန်ကုန်မြို့ဆင်ခြေဖုံးရပ်ကွက်များရှိ ကေတီဗီဆိုင်စုစုပေါင်း၏ သုံးပုံတစ်ပုံခန့်မှာ ဆိုင်ပိတ်ထားကြပြီး ကျန်ဆိုင်အများစုမှာလည်း ဆိုင်ဖွင့်သော်လည်း လူအဝင်နည်းလျှင် ဝန်ဆောင်မှုမပေးနိုင်ကြောင်း သိ ရသည်။
“ကေတီဗီဆိုင်တိုင်းမှာ မီးစက်ရှိတယ်ဆိုပေမဲ့ လူအဝင်က နှစ်ခန်းလောက်ပဲဆိုရင် ဆီဈေးနဲ့ မကိုက် တော့ဘူး။အဲဒါကြောင့် လူအဝင်နည်းပြီး အစိုးရမီးမလာရင် ဝန်ဆောင်မှုမပေးတော့ဘူး။မီးကလည်း တော်တော်ပျက်နေတယ်လေ”ဟု ၎င်းက ဆက်လက်ပြောသည်။
ရန်ကုန်မြို့ရှိ ငွေကြေးတတ်နိုင်သူများ ဝင်ထွက်နေသည့် ကေတီဗီဆိုင်များမှာမူ လူအဝင်လျော့ကျ သော်လည်း အလုပ်ဖြစ်နေသေးကြောင်း သိရသည်။
“ကေတီဗီဆိုင်ကြီးတွေကျတော့ လာတဲ့သူတွေက စစ်ကောင်စီကိုပိုင်တဲ့ကောင်တွေလေ။ပေါ်တာ ကြောက်စရာမလိုတဲ့ကောင်တွေဆိုတော့ လူအဝင်လျော့ပေမဲ့ အလုပ်ဖြစ်တုန်းလို့ သိရတယ်”ဟု ၎င်းက ဆိုသည်။
ရန်ကုန်မြို့၊လှိုင်မြို့နယ်နေ အသက်၅၀ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးကမူ ပေါ်တာအဆွဲကြမ်း သည့် ၂၀၂၄နှစ်ကုန်ပိုင်းကတည်းက ညဘက် အပြင်မထွက်တော့ကြောင်း ဆိုသည်။
“ပေါ်တာဆွဲတာက လူငယ်မှမဟုတ်ဘူး။၅၀ကျော်လည်း ဆွဲတာ ကြားသတင်းမဟုတ်ဘူး။ကိုယ့်သူ ငယ်ချင်း၅၀ကျော် ခေါင်းဖြူကြီးတောင် အဆွဲခံရတာ သိန်း၂၀ပေးမှ ပြန်လွတ်လာတယ်။ပေါ်တာဆွဲ တာမဟုတ်ဘူး။ပြန်ပေးဆွဲတာ”ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့တွင် ဧည့်စာရင်းစစ်ခြင်းနှင့် လူဖမ်းခြင်းတို့ကို စစ်ကောင်စီက ဆက်တိုက်လုပ်ဆောင်နေ ကြောင်း ရန်ကုန်တိုင်းအတွင်း စစ်ကောင်စီ လှုပ်ရှားမှုနှင့် ထူးခြားဖြစ်စဥ်များကို အဓိကထား စုစည်းတင်ပြပေးနေသော နွေဦးတော်လှန်ရေးစာမျက်နှာ Rangoon Scout Network ၏ ဖော်ပြချက် အရသိရသည်။