By Ra Wai / MPA
ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၌ အသုံးအမျးဆုံးဖြစ်သည့် ကြံ့တံဆိပ်ဘိလပ်မြေတစ်အိတ်သည် ကျပ်တစ်သောင်းထိ စျေးမြင့်တက်သွားသော်လည်း လိုသလောက်ဝယ်ယူ၍မရကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရသည်။
၂၀၂၅ခုနှစ်၊ ဇန်နဝါရီ ခုနှစ်ရက်အထိ ကျပ် ၁၈၀၀၀သာရှိသော ကြံ့တံဆိပ်ဘိလပ်မြေသည် ဇန်နဝါရီ၁၈ရက်တွင် ကျပ် ၂၈၀၀၀ အထိ စျေးမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်အခြေစိုက် အသေးစားဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
“ဒီဇင်ဘာလကုန်ပိုင်းမှာ ဘိလပ်မြေဈေးက ၁၈၀၀၀ လောက်ရှိတယ်။ ဝယ်လို့တော့ မရဘူး။ အခု ဒီနေ့(ဇန်နဝါရီ၁၉ရက်)အထိ ပေါက်ဈေးက ၂၈၀၀၀၊ လိုသလောက်ဝယ်မရဘူး။ အားလုံးက မျှော်လင့် ထားသလိုပဲ ၂၀၂၅မှာ ဈေးတွေ ထိုးတက်နေတယ်” ဟု ၎င်းက MPAသို့ပြောသည်။
ထို့ပြင် စိန်တံဆိပ်ဘိလပ်မြေတစ်အိတ်ဈေးမှာ ကျပ် ၂၇၀၀၀ ဖြစ်ပြီးဆောက်လုပ်ရေးလုပ်ငန်းသုံး သံချောင်းဈေးသည်လည်း ၅ရာခိုင်နှုန်းမှ ၁၀ရာခိုင်နှုန်းအထိ ဈေးတက် သွားကာ ပြည်တွင်းထုတ် အုတ်၊ သဲ၊ ကျောက်ဈေးလည်း လိုက်တက်နေကြောင်း သိရသည်။
“ကျတော် လောလောဆယ် ဘိလပ်မြေအိတ် ၄၅၀လောက်လိုလို့ ဒီဇင်ဘာကတည်းက စုနေတာ အခု အိတ်၂၅၀ပဲ ရသေးတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
လက်ရှိတွင် ဒေါ်လာဈေးတက်လာခြင်း၊ ပြည်ပမှ ပစ္စည်းအဝင်နည်းခြင်း၊ သွင်းကုန်အခွန် နှစ်ဆခန့် မြင့်တက်သွားခြင်းနှင့် ရန်ကုန်၌ အိမ်ဆောက်လုပ်မှုများ ရှိလာခြင်းကြောင့် ဆောက်လုပ်ရေးလုပ် ငန်းသုံးပစ္စည်းများ ဈေးတက်ကာ ပစ္စည်းလည်း ရှားနေခြင်းဖြစ်ကြောင်း ရန်ကုန်မြို့၊ မရမ်းကုန်းမြို့ နယ်အတွင်းရှိ ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင် မန်နေဂျာက ဆိုသည်။
“ထပ်ပြီးတော့လည်း ပစ္စည်းရှားဖို့ရှိတယ်။ ဈေးလည်း တက်ဦးမှာဘဲ၊ ဘာလို့လဲဆိုတော့ စစ်တပ်(စစ်ကောင်စီ)က ဒေါ်လာကို ထိန်းချင်တော့ သွင်းကုန်လိုင်စင်တွေကို ချမပေးဘူး။ အခုတောင် မီးပျက်လို့ ဆိုလာတွေ ပြည်ပကနေသွင်းဖို့ လိုင်စင်ချပေးလိုက်တာနဲ့ ဒေါ်လာအဝယ်လိုက်ပြီး ဒေါ်လာဈေးတက်ကုန်တာ၊ လက်ရှိ စစ်တပ်ပေါ်လစီကို ချုပ်ပြောရရင် နိုင်ငံခြားဝင်ငွေ တော်တော်နည်းတယ်။ အဲဒါကြောင့် သေနတ်ဝယ်ဖို့ပဲရှိတယ်။ တခြားပြည်သူတွေအတွက်လိုတဲ့ ကုန်ပစ္စည်းတွေ အဝယ်မခံဘူး။ လိုင်စင်ချမပေးဘူး။ အဲဒါပဲ” ဟု ၎င်းက ပြောသည်။
ထို့ပြင် ယခုလအတွင်း အခြေခံစားသောက်ကုန်စျေးနှုန်းများ တရိပ်ရိပ် တက်လာသော်လည်း ဈေးမတက်သည်မှာ လုပ်ခဝင်ငွေသာလျှင် ဖြစ်ကြောင်း လှိုင်သာယာမြို့နယ်၊ မီးခွက်ဈေးအနီးနေထိုင်သည့် ပန်းရန်ဆရာတစ်ဦးကပြောသည်။
“အခုက ပုံမှန်ပန်းရန် အလုပ်ရှိရင် ကံကောင်းပဲလေ၊ ကုန်ဈေးနှုန်းတက်နေလို့ လုပ်ခမတိုးဘူးလားဆိုပြီး ဘယ်သူမှ အတွန့်မတက်ရဲဘူး။ အလုပ်ပုံမှန်လုပ်နေရတဲ့ ကန်ထရိုက်တွေတောင် ပစ္စည်းဈေးတွေက ထောင်တက်နေလို့ ပြာနေတာ၊ မနှစ်ကလည်း ဒီစျေးပဲ၊ ဒီနှစ်လည်း လုပ်ခမတိုးဘူး။ ဒီလုပ်ခပဲရတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိ ရန်ကုန်တိုင်းအတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းငယ်များတွင် အုတ်ထမ်း၊ သဲထမ်း၊ မဆလာထမ်းရသည့် လူကြမ်းဟုခေါ်သော အလုပ်သမားတို့မှာ တစ်နေ့လျှင် ကျပ်တစ်သောင်းမှ တစ်သောင်းခွဲအထိ ရကြပြီး ပန်းရန်ဆရာတို့မှာ ကျပ်နှစ်သောင်းမှ နှစ်သောင်းခွဲအထိ ရကြကြောင်း သိရသည်။
တင်ပို့၊တင်သွင်းကုန်ပစ္စည်းများအတွက် ပေးရသည့်အခွန်မှာ ၂၀၂၄နှစ်ကုန်အထိ ဗဟိုဘဏ်၏ အမေ ရိကန်ဒေါ်လာငွေလဲနှုန်း ရည်ညွှန်းဈေး ကျပ်၂၁၀၀ဖြစ်ပြီး ၂၀၂၅ခုနှစ်၊ဇန်နဝါရီတစ်ရက်မှစတင်ကာ ဗဟိုဘဏ်၏ ဈေးကွက်ရည်ညွှန်းဈေး ကျပ် ၃၈၀၀ကျော်နှင့် အခွန်ဆောင်ရမည်ဟု စစ်ကောင်စီလက် အောက်ခံ အကောက်ခွန်ဦးစီးဌာနက ကြေညာခဲ့ပြီးနောက် ယခုကဲ့သို့ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ပိုမိုစျေးမြင့်တက်လာခြင်းဖြစ်သည်။