By Garcia Ni /MPA
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်အတွင်း ဝဥစိုက်တောင်သူများအနေဖြင့် ယခင်နှစ်ကထက်ဝဥစျေး ကောင်းပိုရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ယခင်နှစ်(၂၀၂၄ခုနှစ်) က ဝဥအစိုတစ်ပိဿာလျှင် ကျပ် ၆၀၀ ဝန်းကျင်သာရရှိခဲ့သော်လည်း ယခုနှစ်(၂၀၂၅ခုနှစ်)တွင် တစ်ပိဿာလျှင် ၁၀၀၀ကျပ်မှ ၁၃၀၀ ကျပ်အထိရရှိလာကြောင်း မင်းတပ်မြို့နယ်ရှိ ဝဥစိုက်တောင်သူတစ်ဦးက MPAကိုပြောသည်။
” ဝဥအစိုက ကားဝင်လို့ရတဲ့နေရာအထိ တစ်ပိဿာတစ်ထောင်ရတယ်။ တစ်ပိဿာကိုထောင့်နှစ်ရာ၊ ထောင့်ငါးရာကောက်တဲ့သူတွေလည်းရှိတယ်။ အဲ့ဒါကအိတ်ဖိုးပြန်နှုတ်တယ်။ သူကတစ်အိတ်ကို ပိဿာချိန် ပျမ်းမျှ ၃၅ပိဿာဆန့်တယ်။ တစ်အိတ်ကို အိတ်ဖိုးထောင့်ငါးရာပြန်နှုတ်တယ်။ ပြီးရင်အလေးချိန်က (၀ဒဿမ၁၂) ကျပ်သားပေါ့ အိတ်ခွံအလေးချိန်ပြန်နှုတ်တယ် “ ဟု ၎င်းကဆိုသည်။
ဝဥ ကုန်သည်များအနေဖြင့် စစ်ရေးအခြေအနေနှင့် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများကြောင့် ချင်းတောင်အထိသွားရောက်ဝယ်ယူနိုင်ခြင်းမရှိဘဲ မြေပြန့်ဒေသဖြစ်သော ယောဒေသတွင်သာအခြေစိုက်ဝယ်ယူလျက်ရှိကြောင်းသိရသည်။
ယင်းအပြင် ဝဥကားများအနေဖြင့်သီးသန့်မရှိဘဲ ချင်းတောင်နှင့်ရခိုင်ပြည်နယ်များသို့ ကုန်စည်ပို့ဆောင်သည့်ကားများ၏ မြေပြန့်အဆင်းကိုစောင့်၍ တင်ဆောင်နေရသည့်အတွက် ဝဥသယ်ယူစရိတ်များလည်း ပိုမိုကုန်ကျလျက်ရှိကြောင်းသိရသည်။
” ဝဥကားလို့သပ်သပ်မရှိဘူး။ မတူပီတို့၊ ရခိုင်တို့ကိုကုန်ကူးတဲ့ကားတွေအပြန်ကျတော့ ခါလီ(ကုန်မပါ)လေ။ အဲ့ဒီကားတွေနဲ့ ယောဘက်ကိုပြန်သယ်ရတာ၊ ကားခက မင်းတပ်ကနေယောဘက်အရောက် တစ်ပိဿာကို၂၅၀ ပေးရတယ်တဲ့။ ဂိတ်ကနှစ်ဂိတ်ရှိတယ်။ CDFဂိတ်နဲ့ ယောဘက်ကဂိတ်။ အဲ့ဒါကဝဥတစ်အိတ်ကိုတစ်ထောင်စီပေးရတယ်လို့ပြောတယ် “ ဟု ၎င်းကဆက်ပြောသည်။
ယောဒေသသို့ရောက်ရှိပါက ဝဥအစိုစျေးမှာ ပိုမိုရရှိပြီး တစ်ပိဿာလျှင်၁၅၀၀ကျပ်မှ ၁၇၀၀ကျပ်အထိရရှိကြရာ မြေပြန်သို့ကိုယ်တိုင်ဆင်း၍ လာရောက်ရောင်းချမှုများလည်းရှိနေကြောင်း ယောဒေသခံတစ်ဦးက MPAကိုပြောသည်။
” ဒီဘက်(ယောဘက်)မှာတော့ သွင်းတဲ့ကုန်သည်ပွဲစားအပေါ်မူတည်ပြီးစျေးကွာတာပေါ့။ တချို့ကလည်း အစိုဆိုတော့ အလေးချိန်လျော့တယ် ဘာဖြစ်တယ်ဆိုပြီး စျေးနှိမ်တာတွေလည်းရှိတယ်ဗျ၊ ကျတော်သိရသလောက်တော့ မန္တလေးဘက်မှာဆို ဝဥစျေးက လေးထောင်ဝန်းကျင် ပေါက်နေတယ်လို့သိရတယ် ” ဟု ၎င်းကဆိုသည်။
ဝါဥစိုက်ပျိုးခြင်းသည် သုံးနှစ်ပြည့်မှ ဝဥကိုဖော်ကြရပြီး တစ်ဧကလျှင်ပျမ်းမျှပိဿာချိန် နှစ်ထောင်ခန့်ထွက်ရှိပြီး ပန်းရောင်၊ အဝါရောင်၊ အဖြူရောင်ဟူသည့် ဝဥအမျိုးအစားပေါ်တည်၍ စျေးကွာခြားမှုများလည်းရှိကြောင်းသိရသည်။
” တောင်သူတွေအနေနဲ့ကတော့ ဝဥဖော်ချိန် ငွေအလုံးအရင်းရတာအမြတ်ပေါ့။ သူကသုံးနှစ်ပြည့်မှဖော်ရတာကိုး။ ပထမ တစ်နှစ်တောင်ယာခုတ်တာတွေ ပေါင်းရှင်းချိန် အလုပ်သမားခတွေလည်းကုန်တယ်။ တစ်နှစ်ကိုအနည်းဆုံးသုံးကြိမ်တော့ ပေါင်းရှင်းကြရတယ်လေ “ ဟု မင်းတပ်ဒေသခံ ဝဥတောင်သူတစ်ဦးက MPAကိုပြောသည်။
ဝဥတောင်သူအချို့အနေဖြင့်မူ ဝဥအစိုမရောင်းဘဲ အခြောက်လှန်းထားကြသူများလည်းရှိပြီး ဝဥအခြောက်ရောင်းချပါက စျေးပိုမိုရရှိကြကြောင်း ၎င်းကဆက်လက်ပြောသည်။
” ဝဥအခြောက်ကစျေးပိုရတာပေါ့။ မနှစ်ကဆိုအမြင့်ဆုံးစျေး တစ်ပိဿာကိုရှစ်ထောင်အထိရတယ်။ အခုနှစ်ကတော့ အခြောက်တစ်ပိဿာကို တစ်သောင်းခြောက်ထောင်လောက်အထိစျေးရှိတယ်လို့ ကြားတာပဲ ” ဟု အထက်ပါဝဥတောင်သူကဆိုသည်။
ဝဥကို အသားတု၊ ကြာဇံ၊ ခေါက်ဆွဲနှင့် အခြားစားသောက်ကုန်လုပ်ငန်းများတွင်လည်း အသုံးပြုကြပြီး ဝဥသည်ကျန်းမာရေးအတွက် အထူးကောင်းမွန်ကြောင်း စုံစမ်းသိရှိရပါသည်။