By Mandy / MPA
စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ဒေသအချို့တွင် တောင်သူများသည် စပါးရိတ်သိမ်းပြီး ငွေပေါ်ရမည့် အချိန်ဖြစ်သော်လည်း စပါးစျေးကောင်းမရခြင်းနှင့် ဝယ်လက်မရှိသလောက်နည်းပါးနေခြင်းကြောင်း စီးပွားရေးအကျပ်အတည်းနှင့် ကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရသည်။
စစ်ရေးမတည်မငြိမ်ဖြစ်နေသည့် စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ကန့်ဘလူ၊ ကောလင်း၊ ဝန်းသိုနှင့် ထီးချိုင့်မြို့နယ်များတွင် စပါးရိတ်သိမ်းချိန်ဖြစ်သော်လည်း ဒေသတွင်းစပါးစျေးကွက်မရှိခြင်း၊ ကုန်သွယ်ရေးအတွက် သယ်ယူစရိတ်ကြီးမြင့်ခြင်းများကြောင့် ကုန်သည်များ၏ ဝယ်လိုအားမရှိခြင်းကို တောင်သူများကြုံတွေ့နေရခြင်းဖြစ်သည်။
“ တောင်သူတွေဆိုတော့ စပါးပေါ်တဲ့ရာသီပဲ မျှော်လင့်ပြီး လုပ်ရတာ၊ စပါးပေါ်ပေးဆိုပြီး ဝယ်သုံးထားရတဲ့ သူတွေအတွက် အဆင်မပြေပိုဖြစ်တာပေါ့၊ စိုက်ပျိုးရေးစရိတ်တွေ၊ လုပ်အားခတွေ ပိုများလာပေမဲ့ ဒီနှစ်စပါးစျေးက မနှစ်ကလောက်ပဲရှိတယ်။ ပြီးတော့ အရင်နှစ်ကလို ဝယ်လက်လည်းမရှိဘူး။ ရတဲ့စျေးနဲ့ ရောင်းဖို့ကို ဝယ်တဲ့သူကမရှိတာ” ဟု ကောလင်းမြို့နယ်အတွင်းရှိ စပါးစိုက် တောင်သူတစ်ဦးက ဆိုသည်။
ထို့ပြင် ကန့်ဘူ၊ ကောလင်း၊ ဝန်းသိုနှင့် ထီးချိုင့်မြို့နယ်များရှိ တောင်သူများသည် အဓိအားဖြင့် မှော်ဘီ၊ ဧရာပဒေသာ၊ ဆင်းသုံး၊ ဆင်းသုခစသည့် စပါးမျိုးများကို အဓိကစိုက်ပျိုးကြီးပြီး ဒေသ၏ အဓိက စီးပွားရေးတစ်ခုအနေဖြင့် လုပ်ဆောင်သည့် လယ်ယာလုပ်ငန်းတစ်ခုလည်းဖြစ်သည်။
ယခင်နှစ် (၂၀၂၃ခုနှစ်) စပါးစိုက်ပျိုးရာသီက မှော်ဘီစပါး တင်းတစ်ရာလျှင် ၁၅သိန်းကျပ်၊ ဧရာပဒေသာစပါးတင်းတစ်ရာလျှင် ၁၈သိန်းကျပ်ဖြင့် စျေးရခဲ့ပြီး ယခုနှစ်(၂၀၂၄ခုနှစ်) စပါးပေါ်ကာလတွင် မှော်ဘီစပါးတင်းတစ်ရာလျှင် ၁၈သိန်း နှင့် ဧရာပဒေသာစပါးတင်းတစ်ရာလျှင် သိန်း၂၀ စျေးရှိခဲ့သော်လည်း ဝယ်ယူသည့် ကုန်သည်မရှိသလောက်နည်းပါးနေကြောင်း ကောလင်းမြို့နယ်တွင်နေထိုင်သည့် စပါးစိုက်တောင်သူက ရှင်းပြသည်။
“ မနှစ်တုန်းကတော့ ကောလင်းမြို့ပေါ်နဲ့ မြို့နားက ဆန်စက်တွေက လည်ပတ်လို့ရတော့ ရွာဘက်တွေကစပါးတွေကို ဆန်စက်ပို့ပြီး မန္တလေးဘက်ကို ဆန်အဖြစ်တင်ပို့ ရောင်းလို့ရသေးတယ်။ ဒီနှစ်ကတော့ ကောလင်းနဲ့ အနီးအနားက ဆန်စက်တွေက လည်လို့မရတော့အပြင် လျှပ်စစ်မီးကလည်း မရတော့ဘူးဆိုတော့ ဆန်ကြိတ်ပြီး အောက်ပိုင်းပို့ဖို့က အဆင်မပြေတော့ဘူး “ ဟု ကောလင်းမြို့မှ စပါးကုန်သည်တစ်ဦးက ပြောသည်။
ထို့ပြင် ဆန်တင်ပို့သည့် လမ်းကြောင်းတစ်လျှောက် အခွန်အခများ အဆမတန်ပေးရခြင်း၊ စစ်ဆေးတင်းကျပ်မှုများကြောင့် အကျိုးအမြတ်နည်းပါးသည့်အတွက် စပါးနှင့်ဆန်ဝယ်ယူသည့် ကုန်သည် နည်းပါးလာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလပထမပတ်အတွင်းက ကောလင်းမြို့အား တော်လှန်ရေးအင်အားစုများက လက်လွှတ်ခဲ့ရပြီးနောက်ပိုင်းတွင် စစ်ကောင်စီတပ်များက ကောလင်းမြို့ထဲတွင် စခန်းချကာ ပြည်သူပိုင် နေအိမ်အိုးအိမ်များအပြင် ဆန်စက်များပါမီးရှို့ဖျက်ဆီးခဲ့ကြသည်။
၎င်းအပြင် ၂၀၂၄ခုနှစ်တွင် ကောလင်း၊ ပင်လည်ဘူး၊ အင်းတော်၊ ထီးချိုင့်မြို့နယ်များအတွင်း စစ်ရေးတင်းမာမှုများဖြစ်လာသည့်အပြင် နိုင်ငံတစ်ဝန်းစစ်ကောင်စီတပ်ဖွဲ့များ အထိအခိုက်များလာသည့်အတွက် ကားလမ်းများပိတ်ဆို့မှုများလာခဲ့ပြီး စစ်ဆေးရေးဂိတ်၊ အခွန်ဂိတ်များ အဆမတန်များပြားလာခြင်းသည် အခြေခံလူတန်းစား တောင်သူများအတွက် ကြီးမားသော ရိုက်ခတ်မှုတစ်ရပ် ဖြစ်လာခဲ့သည်။
“ကျမတို့ ထီးချိုင့်က ရေလမ်းရော၊ ကုန်းလမ်းရော သွားလာရတာ အဆင်မပြေတော့ စပါးအဝယ်မရှိကြဘူး။ အရင်နှစ်တွေက ကောလင်းဘက်က လာဝယ်တာတွေရှိတယ်။ ဒီနှစ် မရှိသေးဘူး။ ဒီမှာ တောင်သူတွေက အရင်နှစ်ကစပါးလက်ကျန်တွေ ရှိသေးတော့ ဒီနှစ်ထွက်စပါးတွေကို လယ်တဲတွေမှာ ထားတဲ့သူတွေများတယ်။ ခေတ်ကာလကို မယုံရတော့ ရောင်းပြီးသားဖြစ်ချင်တာပေါ့။ အရေးအကြောင်း တစ်ခုခုကြောင့် ပြေးရရင်တောင် ငွေထုပ်ပိုက်ပြီး ပြေးရတာက ပိုအဆင်ပြေတယ် မဟုတ်လား၊ နောက်ပြီး စပါးပေါ်မှ ငွေရွှင်မဲ့သူတွေအတွက်လည်း အခက်တွေ့တာပေါ့ “ ဟု ထီးချိုင့်မြို့နယ်၊ တောမကျေးရွာမှ တောင်သူအမျိုးသမီးတစ်ဦးက ဆိုသည်။
ထီးချိုင့်မြို့နယ်တွင် ကုန်သွယ်စီးပွါးရေးအတွက်အရေးပါသော မြတောင်၊ မောင်းကုန်းစသည့် ကျေးရွာများအား တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားနိုင်သော်လည်း ထီးချိုင့်မြို့အား မသိမ်းပိုက်နိုင်သေးသဖြင့် လမ်းပန်းဆက်သွယ်ရေးနှင့် ကူးသန်းသွားလာရေးအတွက် အဆင်မပြေဘဲ ခက်ခဲနေသည်ဟု အဆိုပါ တောင်သူအမျိုးသမီးက ဆက်လက်ရှင်းပြသည်။
စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် စပါးရိတ်သိမ်းချိန်ဖြစ်ပါက ကျေးလက်များ၌ အလှူပွဲများ ခြိမ့်ခြိမ်သဲ ကျင်းပလေ့ရှိသော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှစတင်ကာ စီးပွားရေး ကျဆင်းလာမှုကြောင့် အခြေခံလူတန်းစားများနှင့် နေ့စားအလုပ်သမားများသည့် နေ့စဉ်အသုံးစရိတ်များအတွက်ပင် အနိုင်နိုင်ရုန်းကန်နေရကြောင်းလည်း ကျေးလက်နေ ပြည်သူများထံမှ စုံစမ်းသိရှိရသည်။