By Bywar Oo / MPA
စစ်ကောင်စီက ရွှေအလေးချိန် ချိန်တွယ်မှုစနစ်ကို ပြောင်းလဲ သတ်မှတ်လိုက်ခြင်းကြောင့် ရွှေဆိုင်များအားလုံး ချိန်တွယ်စက်အသစ်များ ပြောင်းလဲအသုံးပြုရမည်ဖြစ်သဖြင့် လုပ်ငန်းများ ပိုမိုရှုပ်ထွေးကြောင်း ရွှေလုပ်ငန်းရှင်များက ထောက်ပြသည်။
ယခင်က ရွှေတစ်ကျပ်သားကို ၁၆ဒဿမ၆၀၆ ဂရမ်ဖြင့် ချိန်တွယ် ရောင်းချခဲ့သော်လည်းလက်ရှိ ၁၆ဒဿမ၃၂၉၃၂၅ ရမ်ကို ပြောင်းလဲမည်ဟု စစ်ကောင်စီလက်အောက်ခံ သတ္တုတွင်း ဝန်ကြီးဌာနက ကြေညာထားခြင်းဖြစ်သည်။
“အဓိကကတော့ အလုပ်ရှုပ်တာတစ်ခုကလွဲလို့ ကျန်တာဘာမှပြောင်းလဲမှုမရှိပါဘူး။ ဆိုင်မှာဆို စက်တွေအကုန်လုံး ပြင်ရတော့မယ်၊ ကျွန်တော်တို့စက်တွေသည် ၁၆ဒဿမ၆၀၆ နဲ့ညှိပြီးတော့လုပ်နေတာပေါ့၊ ဆော့ဝဲလ်တွေလည်း အတူတူပဲပေါ့၊ အခုသူတို့ပြောတဲ့ ၁၆ဒဿမ၃၂၉နဲ့ လိုက်ညှိရတော့မယ်၊ အဲ့ဒီတော့ ဆော့ဝဲလ်ပြန်လုပ်တာတင်ပဲ တစ်သိန်း၊ တစ်သိန်းခွဲလောက်ကုန်မယ်၊ စက်တွေ အကုန်လုံးကို ဆော့ဝဲလ်ပြန်လုပ်ရတော့ အကုန်အလုပ်ရှုပ်တာပေါ့၊ ပြီးတော့ ကိုယ့်ဝယ်သူတွေကို ဂရမ်ချိန်ပြောင်းသွားလို့ တွက်ချက်တာတွေကပါအစ အကုန်လိုက်ရှင်း ပြရတော့မယ်” ဟု ပန်းဘဲတန်းမြို့နယ်တွင် ရွှေဆိုင်ဖွင့်လှစ်ထားသည့် ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
ရွှေအလေးချိန် ကျပ်၊ပဲ၊ရွေး နှင့် ဂရမ်ချိန် ပြောင်းလဲခြင်းကိန်းဂဏန်းပေါ်အခြေခံပြီး တစ်နိုင်ငံလုံးမှာရှိသည့် ရွှေချိန် ခွင်များသည် ကျပ်၊ပဲ၊ရွေး ပြောင်းလဲသည့်စနစ်များ ထည့်သွင်းပေးထားခြင်းဖြစ်သည်။
ရွှေအလေးချိန်တွယ်မှုစနစ်ပြောင်းလဲခြင်းသည် မူလရှိပြီးသား ကျပ်၊ ပဲ၊ ရွေးစနစ်ကို ပြောင်းလဲလိုက်တာမျိုး မဟုတ်ဘဲ ရွှေအလေးချိန်ပြောင်းလဲခြင်းသည် တစ်ကျပ်သားမှာရှိသည့် ဂရမ်ချိန်ပြောင်းလဲခြင်းကိုသာ ပြောင်းလဲ ခြင်းမျိုး ဖြစ်သည်ဟု လုပ်ငန်းရှင်များက ပြောသည်။
ရွှေလုပ်ငန်းရှင်တစ်ဦးကလည်း “ဂရမ်ချိန်ပြောင်းသွားတဲ့အခါကျတော့ တစ်ကျပ်သားဝယ်ရင် ကျတော့စက်မှာဆို တစ်ကျပ်နဲ့ နှစ်ရွေးလာပေါ်နေ လိမ့်မယ်၊ နှစ်ရွေးပိုနေလို့ နှစ်ရွေးဖိုးပိုရမှာလားဆိုမဟုတ်ပါဘူး။ ဥပမာ ဒီကနေ့ ပေါက်ဈေး ၅၇ သိန်းဆို သူ့ဈေး ၅၆သိန်းဈေးပဲရှိတော့မယ်၊ တစ်ကျပ်သား ဈေးပါလိုက်နည်းသွားတာ ရွှေပါဝင်မှုနည်းသွားတဲ့သဘောပဲ၊ အဲ့ဒီတော့ တစ်ကျပ်သားဈေး ၅၇ သိန်းရမယ်ဆို ၅၇သိန်းပဲရမှာ တစ်ကျပ် နှစ်ရွေးပိုပေမဲ့ ၅၆ သိန်းဈေးနဲ့ တွက်လိုက်တာပေါ့၊ အဲ့ဒီတော့ နောက်ဆုံးအဖြေက ၅၇ သိန်းပဲ ပြန်ထွက်လာမှာဘဲ” ဟု မှတ်ချက်ပေးသည်။
လက်ရှိပြောင်းလဲလိုက်သည့် ဂရမ်ချိန်နှင့် တွက်ချက်ရောင်းချရန် နိုဝင်ဘာလကတည်းက ညွှန်ကြားချက်ရရှိထား သော်လည်း လက်ရှိ စက်များအားလုံး ဆော့ဝဲလ်ပြန်ပြောင်းနေကြရသည့်အတွက် တပြေးညီအသုံးပြု၍မရသေး ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမျိုးမြင့်ကပြောသည်။
“အလေးချိန်က လက်ရှိ အလေးချိန်ထက်နည်းနည်းလျော့သွားတာပေါ့၊ အခုအလေးချိန်က ၁၆ဒဿမ၃၂၉၃ သတ်မှတ် တာပေါ့၊ ဟိုးအရင်ကတည်းက ဘဏ္ဍရေးဝန်ကြီးထားဌာနက သတ်မှတ်ထားတဲ့ဟာပေါ့ ဗဟိုဘဏ်မှာလည်း လက်ရှိသုံးနေတယ်။ အခု ချိန်တွယ်မှု ပြောင်းလဲထားတဲ့ စက်တွေကိုလည်း ရောင်းပေးနေပါပြီ၊ အမှန်က ပြီးခဲ့တဲ့လ ခြောက်ရက်နေ့ကတည်းကကျင့်သုံးဖို့ ပြောထားတာ၊ စက်တွေ အကုန်ပြောင်းပြီးသွားရင်တော့ အကုန်လုံး တပြေးညီ ပြောင်းလဲ သုံးကြရတော့မှာပါ”ဟု ဦးမျိုးမြင်က ပြောသည်။
ယခုကဲ့သို့ ဂရမ်ချိန် ပြောင်းလဲလိုက်ခြင်းကြောင့် မူလရွှေတစ်ကျပ်သား ၁၆ဒဿမ၆၀၆ဂရမ်သည် စနစ် သစ်တွင် တစ်ကျပ်သားကို နှစ်ရွေးကျော်ပိုလာမည်ဖြစ်ပြီး တစ်ကျပ်သားပေါက်ဈေးမှာလည်း နှစ်ရွေးကျော်ဖိုး ပြန်လည်လျော့ နည်းသွားမည်ဖြစ်ခြင်းကြောင့် တန်ဖိုးပြောင်းလဲမှုတစ်စုံတစ်ရာရှိလာမည်မဟုတ်ကြောင်း လုပ်ငန်းရှင်များ က မှတ်ချက်ပြုကြသည်။
ရွှေတစ်ကျပ်သားတွင်ရှိရမည့် ဂရမ်အလေးချိန်ပြောင်းလဲလိုက်ခြင်းကြောင့် ရွှေတစ်ကီလိုသည် ယခင်က ၆၀ ကျပ် ၃ ပဲ ၄ရွေးမှ ယခု ၆၁ကျပ် ၃ပဲ ၆ဒဿမ၆ ရွေးသို့လည်းကောင်း၊ ရွှေတစ်ထရွိုင်အောင်စသည် ယခင် ၁ဒဿမ၈၇၅ ကျပ်သားမှ ယခု ၁ဒဿမ၉၀၄၇၆၁ ကျပ်သားသို့ ပြောင်းလဲသွားမည်ဖြစ်သည်။