By Zwe Ko / MPA
စစ်တပ်အာဏာသိမ်းပြီးနောက် စိုက်ပျိုးရေးလုပ်ငန်းများ၌ တစ်နှစ်ထက်တစ်နှစ် လုပ်သားရှားပါးမှု ပိုမိုဆိုးရွားလာ ခြင်းကြောင့် သီးနှံစိုက်ပျိုးချိန်နှင့် ရိတ်သိမ်းချိန်များတွင် ပိုမိုအခက်တွေ့လာကြောင်း ပဲခူးတိုင်းအနောက်ခြမ်း မြို့နယ်များရှိ တောင်သူများထံမှ စုံစမ်းသိရှိရသည်။
စစ်ကေင်စီက လူငယ်များကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးမှုများအပြင် စစ်မှုထမ်းဥပဒေ ပြဌာန်းပြီးနောက် လူငယ်များသည် ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရသည့်အတွက် စိုက်ပျိုးရေးလုပ်သား ပိုမိုရှားပါးလာခြင်းဖြစ်ကြောင်း သာယာ၀တီမြို့နယ်၊ လက်ပံတုန်းကျေးရွာမှ တောင်သူတစ်ဦးက ပြောသည်။
“ အခုဖမ်းတာက အိမ်တွေအထိပါ လိုက်ဖမ်းနေတော့ လူငယ်တွေလည်း ရွာမှာ မနေရဲကြတော့ဘူး။ ပြည်ပထွက်တဲ့သူတွေများတယ်။ လူငယ်တွေရှိမှ စိုက်ပျိုးရေးလုပ်ငန်းတွေ အဆင်ပြေမှာ၊ အခု ဆေးဖျန်းချိန် လူငှားမရလို့ မဖျန်းရဘူး။ အလုပ်သမားငှားမရတော့ အချိန်မီ အလုပ်တွေမလုပ်နိုင်ဘူးလေ၊ အဲ့ဒီတော့ ဆုံးရှုံးမှုတွေ ပိုများတာပေါ့” ဟု ၎င်းက ပြောသည်။
ထို့ပြင် ရာသီပေါ်သီးနှံများ စိုက်ပျိုးရာတွင် လုပ်သားအင်အားကို အဓိက အားထားရ စိုက်ပျိုးရခြင်းဖြစ်သည့်အတွက် လုပ်သားရှားပါးမှုများကြောင့် သီးနှံစိုက်ခင်းများကို လျော့ချစိုက်ပျိုးရကြောင်း မိုးညိုမြို့နယ်မှ ခရမ်းချဉ်သီးစိုက်ပျိုးနေသည့် တောင်သူတစ်ဦးက ပြောသည်။
“ခရမ်းချဉ်၊ ငရုတ်၊ ဂေါ်ဖီ၊ ဖရဲ စတဲ့သီးနှံတွေက အမြဲတမ်းအလုပ်သမားရှိနေမှ ရေတင်တာ၊ ရေလောင်းတာ၊ ပေါင်းတင်တာ၊ အစာကျွေး၊ ဆေးဖျန်း၊ အသီးခူးတာတွေ အမြဲလုပ်နေရတာ၊ အခုအလုပ်သမား ငှားမရတော့ နှစ်ဧက စိုက်တဲ့သူက တစ်ဧကပြည့်အောင်မစိုက်နိုင်တော့ဘူး။ ဒီအလုပ်တွေက စက်နဲ့လုပ်လို့မရဘူးလေ၊ လူငှားရှိမှ အဆင်ပြေမှာ” ဟု မိုးညိုမြို့နယ်မှ တောင်သူကရှင်းပြသည်။
ထိုကဲ့သို့ အလုပ်သမားရှားပါးမှုကြောင့် အခြားမြို့နယ်များရှိ ကျေးရွာများမှ စိုက်ပျိုးရေးလုပ်သားများကို ခေါ်ဆောင်ရာတွင်လည်း စစ်တပ်က ဖမ်းဆီးနေသည့်အတွက် အလုပ်သမားရှားပါးမှု ပိုမိုကြုံတွေ့နေရခြင်းဖြစ်သည်ဟု နတ်တလင်းမြို့နယ်မှ အသက် ၄၀အရွယ် အမျိုးသမီးတောင်သူတစ်ဦးက ပြောသည်။
“ အခု ရွာကို လူစိတ်းတွေရောက်လာရင် ပိုက်ဆံပေးပြီး ဧည့်စာရင်းတိုင်ရတယ်။ ပိုဆိုးတာက အလုပ်သမား သွားခေါ်လို့ လမ်းမှာ စစ်သားတွေနဲ့တွေ့ရင် ဖမ်းဆီးတာတွေလုပ်တော့ ဘယ်သူမှ မလိုက်ချင်ဘူး။ အမတို့ရွာက စပါးဝယ်တဲ့သူတစ်ယောက်ဆို အုတ်ဖိုဘက်က အလုပ်သမားတွေခေါ်ပြီး ကားနဲ့စပါးလိုက်ဝယ်တာ၊ အဲ့ဒါ လမ်းမှာ စစ်သားတွေနဲ့တွေ့ပြီး အလုပ်သမား သုံးယောက် စစ်မှုထမ်းဖို့ဆိုပြီး ခေါ်သွားတယ်” ဟု ၎င်းက ဆိုသည်။
ယင်းအပြင် ပဲခူးတိုင်းအနောက်ခြမ်း၊ ပဲခူးရိုးမအနီးရှိ ကျေးရွာများတွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များ မကြာခဏ တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် ဒေသခံများသည် စစ်ရှောင်နေရသည့်အတွက် စိုက်ပျိုးရေးအလုပ်သမား ပိုမိုရှားပါးနေခြင်းဖြစ်သည်ဟု လက်တံတန်းမြို့နယ်၊ ရေငံကျေးရွာမှ တောင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
“ လယ်တွေရှိတဲ့သူလောက်သာ ကိုယ့်လယ်ပြန်လာပြီး အလုပ်လုပ်ကြတာ၊ တောထဲမှာ နေတဲ့သူကနေ၊ ရန်ကုန်ကို အလုပ်သွားလုပ်တဲ့သူကလုပ်နဲ့၊ အမတို့ဆို စပါးတွေ ရိတ်တာ နောက်ကျလို့ ပဲတောင်မစိုက်ရသေးဘူး။ အလုပ်သမားမရှိလို့ မရိတ်ရတာ၊ လယ်တွေလည်း မလုပ်ချင်တော့ဘူး။ အရင်းအနှီးကြီးပြီး အလုပ်သမားမရှိတော့ အချိန်နဲ့ အခါနဲ့ မစိုက်နိုင်၊ မရိတ်နိုင်ဖြစ်ပြီး အရှုံးတွေပေါ်နေတာ” ဟု ရေငံကျေးရွာမှ တောင်သူအမျိုးသမီးက ပြောသည်။
ယခုကဲ့သို့ စစ်ကောင်စီ ဖမ်းဆီးမှုကြောင့် လူငယ်အများအပြားသည် ပြည်ပသို့ တိမ်းရှောင်မှု များပြားလာသည့်အတွက် စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အလုပ်သမားရှားပါးမှုမဖြစ်ပေါ်စေရေးဟုဆိုကာ ပြည်ပထွက်ခွာမှုများကို တင်းကျပ်မည်ဟု ဒီဇင်ဘာ သုံးရက်က နေပြည်တော်တွင်ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားထားသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် စိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်သားရှားပါးခြင်း၊ စိုက်ပျိုးရေးသွင်းအားစုများ စရိတ်ကြီးမြင့်ခြင်း၊ သဘာ၀ဘေးအန္တရာယ်များကြောင့် လယ်ယာများပျက်စီးခြင်းနှင့် စစ်ဘေးကြောင့် စိုက်ပျိုးသီးနှံများ မရိတ်သိမ်းနိုင်မှုများကို နှစ်စဉ်ကြုံတွေ့နေရသည်။