By Zwe Ko / MPA
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းကြောင့် ပဲခူးတိုင်း အနောက်ခြမ်းအပါအဝင် တိုင်းနှင့်ပြည်နယ်အများစု၌ မိုးရွားသွန်းမည်ဖြစ်သည့်အတွက် ဆောင်းသီးနှံ စိုက်ပျိုးထားသည့် တောင်သူများသည် စိုက်ခင်းများ ပျက်စီးမည်ကို စိုးရိမ်နေကြောင်း စုံစမ်းသိရှိရသည်။
ယခုကာလသည် မိုးလွန်ကာလဖြစ်ပြီး ဆောင်းသီးနှံများ စတင်စိုက်ပျိုးသည့်အချိန်ဖြစ်ကာ မိုးရွာသွန်းပါက စိုက်ခင်းများ ပျက်စီးပြီး တောင်သူများ အရှုံးနှင့် ရင်ဆိုင်ရမည်လည်းဖြစ်သည်။
လက်ရှိ ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းကြောင့် ၂၀၂၄ခုနှစ် နိုဝင်ဘာ ခြောက်ရက်မှ ခုနှစ်ရက်နေ့အတွင်း ရခိုင်ပြည်နယ်တောင်ပိုင်း၊ ပဲခူးတိုင်းအနောက်ပိုင်း၊ ပဲခူးတိုင်းအရှေ့မြောက်ပိုင်းရှိ တောင်ငူမြို့အထက်ပိုင်း စစ်တောင်းမြစ်ဖျားဒေသ၊ နေပြည်တော်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မကွေးတိုင်းတောင်ပိုင်း၊ မန္တလေးတိုင်းတောင်ပိုင်းရှိ မန္တလေးမြို့အောက်ဘက်ဒေသများတွင် နေရာကွက်ကျား မိုးအသင့်အတင့်မှ မိုးများနိုင်ကြောင်း မိုးလေဝသ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
“ရေကြီးရင် စပါးခင်းတွေရေမြုပ်ကုန်လို့ စပါးမစိုက်ကြဘူး။ ရေပြန်ကျတာနဲ့ပဲငပိ(ပဲပုပ်)၊ မတ်ပဲတို့ကြဲတာ၊ ပြီးခဲ့တဲ့ စက်တင်ဘာလလယ်လောက်ကတည်းက စကြဲတာ၊ အဲဒါ ဒီကြားထဲမိုးကရွာတာများလို့ ပဲခင်းတွေ တော်တော်ပျက်ကုန်တာ ၊ အကိုတို့ရွာတင် ဧက ၁၀၀ ကျော်လောက်ပျက်ကုန်တာ၊ အခု ပြန်ကြဲထားတာ တချို့က အပင်ပေါက်၊ တ ချို့က အပင်တောင်မပေါက်သေးဘူး။ အခုမိုးထပ်ရွာမယ်ဆိုရင်တော့ ဒုက္ခရောက်ပြီ ”ဟု မိုးညိုမြို့နယ်၊ ဆင်းခေါင်းကျေးရွာမှ အမျိုးသားတောင်သူတစ်ဦးက ပြောသည်။
မိုးညို မြို့နယ် သည် ဧရာဝတီမြစ်ရေကြီးခြင်းနှင့် မြစ်မခ မြစ်ရေကြီးခြင်း တို့ကိုခံရသည့်အနိမ့်ပိုင်းဒေသဖြစ်သည့်အတွက် ထိုဒေသရှိ လယ်ယာမြေ အများစုသည် မိုးစပါးစိုက်ပျိုး၍မရဘဲ ဆောင်းသီးနှံတစ်မျိုးသာစိုက်ပျိုးကြရသည
“စက်တင်ဘာလတုန်းက ပဲစေ့တွေက ရေနောက်ပါသွားပြီး နိမ့်တဲ့နေရာမှာ သွားစုနေတာအပုံလိုက်၊ အစို့ပေါက်နေတဲ့ ပဲစေ့တွေကလဲမိုးရွာတော့ အဲဒီအစို့လေးက မြေကြီးမကပ်တောဘဲ အပေါ်ဘက်ရောက်သွားရော နေလည်းပြန်ပူရော အဲဒီအစို့လေးတွေကခြောက်ပြီး သေသွားရော၊ ဒီနှစ်လောက်တစ်ခါမှ မိုးမကောင်းဘူး”ဟု မိုးညိုမြို့နယ်၊ ရွှေခဲကျေးရွာမှ တောင်သူအမျိုးသမီးတစ်ဦးက ပြောသည်။
ထို့ပြင် ပဲခူးတိုင်းအနောက်ခြမ်းရှိ မြို့နယ်များမှ မြစ်ကမ်းနဘေးရှိ လယ်ယာမြေများသည် မကြာခဏရေကြီးရေလျှံမှု ကြုံတွေ့ရခြင်းကြောင့် မိုးစပါးစိုက်ပျိုးခြင်းမရှိဘဲ ပဲစိုက်ပျိုးကာ အဓိက အသက်မွေးဝမ်းကြောင်းပြုရကြောင်း၊ မင်းလှမြို့နယ်၊ ရွှေလောင်းကျေးရွာနေ အမျိုးသားတောင်သူတစ်ဦးက ပြောသည်။
“ပဲငပိ(ပဲပုပ်)မျိုးပဲ တစ်တင်း တစ်သိန်းခွဲအနည်းပေးဝယ်နေရတယ်။ မတ်ပဲလည်း အဲဒီနီးပါးပေးဝယ်ထားရတာ၊ ပထမတစ်ခါ ပျက်ပြီးလို့ ဝယ်ပြီးပြီ၊ တချို့တောင်သူတွေဆို နှစ်ခါလောက် ပျက်ပြီးပြီ၊ အခု အဖျက်မိုးရွာအုန်းမယ်ဆိုတော့ ဘာလုပ်စားရတော့မလဲ၊ ပိုက်ဆံရှိတဲ့သူတွေကအကြောင်း မဟုတ်ပေမဲ့ အကိုတို့လို အခြေခံလယ်သမားတွေက လယ်တွေကို ရောင်းရတော့မယ် ”ဟု ၎င်းက ဆိုသည်။
ယင်းအပြင် စက်တင်ဘာနှင့် အောက်တိုဘာလအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် မိုးညို၊ လက်ပံတန်း၊ မင်းလှမြို့နယ်များရှိ ပဲခင်းများစွာ ရေနစ်မြုပ်ပျက်စီးခဲ့ရကြောင်း လက်ပံတန်းမြို့နယ်မှ စိုက်ပျိုးရေးပညာရှင်တစ်ဦးက ပြောသည်။
“ လက်ပံတန်းတို့ မင်းလှတို့ဘက်မှာ မတ်ပဲခင်းတွေပျက်လို့ လာပြောတဲ့တောင်သူတွေရှိတယ်။ ဘယ်လိုပြန်လုပ်ရမလဲပေါ့၊ တောင်သူတွေကလည်းလောဘကြီးတယ်။ စပါးသက်ငယ်တွေထည့်ပြီး ပဲ စိုက်ချင်နေတာ၊ အခုလ ရက် ၂၀နောက်ပိုင်းမှ လုပ်ရင် မီသေးတယ်။ ရာသီဥတုက တစ်နှစ်ထက်တစ်နှစ်ပိုဆိုးလာတာ၊ သီးနှံစိုက်ပျိုးတာက ရာသီဥတုကို မှီခိုပြီး စိုက်ရတာလေ၊ အဲ့ဒီတော့ မိုးလေဝသပညာရှင်တွေရဲ့ သတင်းကို နားထောင်ပြီးတော့မှ စိုက်ပျိုးရေးလုပ်နိုင်မှ အဆင်ပြေမှာ” ဟု ၎င်းက ရှင်းပြသည်။
ပြီးခဲ့သည့် ဇူလိုင်လနှင့် ဩဂုတ်လများတွင် ဧရာ၀တီမြစ်ရေနှင့် မြစ်မခမြစ်ရေ မြင့်တက်ခဲ့မှုကြောင့် မိုးညိုမြို့နယ်တွင် မိုးနှမ်း(နှမ်းလျင်)စိုက်ခင်းများ၊ ပြောင်းစိုက်ခင်းများနှင့် စပါးခင်းများ ဧက သောင်းချီပျက်စီးခဲ့ကြောင်း သိရသည်။
၂၀၂၄ခုနှစ်၊ စက်တင်ဘာလတွင် မုန်တိုင်းအရှိန်နှင့် မုတ်သုံအားကောင်းခဲ့မှုကြောင့် မြန်မာနိုင်ငံနေရာအများအပြားတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး လယ်ဧက ကိုးသိန်းနီးပါး ရေနစ်မြုပ်ပျက်စီးခဲ့သေးသည်။