By Bywar Oo / MPA
စစ်ကောင်စီက ရွှေကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်လိုက်ပြီးနောက် ဈေးကွက်အတွင်းအရောင်းအဝယ်အေးသွားပြီး ရောင်းသူ၊ ဝယ်သူကြား လုပ်ကိုင်ရခက်ခဲသည့်အခြေအနေသို့ ရောက်နိုင်ကြောင်း ရွှေလုပ်ငန်းရှင်များထံမှ သိရသည်။
စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုအစိုးရအဖွဲ့က အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ ပုဒ်မ ၄ ၊ ပုဒ်မခွဲ(ဂ) အရ ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် အောက်တိုဘာ ၂၅ ရက်က ကြေညာခဲ့ခြင်းဖြစ်သည်။
“အရင်ကထက် ပိုပြီးကြောက်သွားတော့ အရောင်းအဝယ်နည်းသွားတယ် အလုပ်သိပ်မဖြစ်တော့ဘူးပေါ့၊ အရောင်း အဝယ် နည်းနည်းတန့်သွားတဲ့ သဘောဖြစ်သွားတယ်။ ဒီနေ့ဆို ကျတော်တို့ဆိုင်မှာ လူသိပ်မရှိဘူး။ တချို့ကျ တော့လည်း ဒီလို ဥပဒေထွက်လာပြီ ငါဖမ်းခံရရင် ပြန်လွတ်တော့မှာ မဟုတ်ဘူးဆိုပြီး နည်းနည်း ရောင်းရဝယ်ရ ခက်သွားတာပေါ့ ” ဟု ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ထို့ပြင် စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် အရေးကြီး ဝန်ဆောင်မှုနှင့် သက်ဆိုင်သော ကိစ္စရပ်များနှင့် ပတ်သက်သည့် တားဖြစ်မိန့်၊ စည်းမျဉ်း သတ်မှတ်မိန့်၊ ကြီးကြပ်မိန့်၊ ကာကွယ်မိန့်နှင့် လိုအပ်သလိုဆောင်ရွက်နိုင်သည် အမိန့်ထုတ်ပြန်နိုင်ခွင့်များကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးငှာနကို အပ်နှင်းသည်ဟု ဆိုထားသည်။
အဆိုပါ ကြေညာချက်ကြောင့် ရွှေလုပ်ငန်းလုပ်ကိုင်သူများသည် စည်းကမ်းဖောက်ဖျက်ပါက ခဏသာဖမ်းဆီးခြင်း မဟုတ်တော့ဘဲ ထောင်ချခွင့်ရှိသွားသည့်အတွက် လုပ်ငန်းလုပ်ကိုင်ရန် ပိုမိုခက်ခဲသွားနိုင်ခြင်းဖြစ်သည်ဟု ရွှေလုပ်ငန်းရှင်းများက မှတ်ချက်ပြုသည်။
ဝါရင့် ရွှေကုန်သည်တစ်ဦးကလည်း “ဒီသက်ရောက်မှုက ရွှေသမားတွေအမြင်ကတမျိုးပေါ့ ၊ အရင်က သူတို့ရွှေဈေး အတက်အကျအရမ်းမြန်ရင် ကျွန်တော်တို့ ရွှေသမားတွေ ပွဲစားတွေကိုဖမ်းတယ်။ ခဏထိန်းသိမ်းတယ်ပေါ့ ဒီကိစ္စ တွေ ကြားလိုက်မှာပါနော်။ ဖမ်းလိုက်ပြီ ပြန်လွှတ်ပေးတယ်ပေါ့ အဲ့ဒီမှာ ထောင်တော့ချလို့မရဘူး။ ခဏထိန်းသိမ်းပြီး ပြန်လွှတ်ပေးတယ်ပေါ့၊ ဘာလို့လဲဆို သူတို့မှာ တရားဥပဒေမရှိလို့၊ အခုကျတော့ ရွှေကို အဖိုးတန်လိုသတ်မှတ် လိုက်တဲ့အခါကျတော့ သူတို့ ထောင်ချလို့ရသွားပြီပေါ့၊ ပြောရလို့ရှိရင် ကျတော်တို့ ရွှေသမားတွေကို အရေးယူဖို့ အတွက် ပုဒ်မတစ်ခု သူတို့ လုပ်လိုက်တဲ့သဘောပဲ တရားဝင်ထောင်ချခွင့်ရှိသွားတာပေါ့ ” ဟု ပြောသည်။
အဆိုပါ ကြေညာချက်ထွက်ပေါ်ပြီးနောက် ရန်ကုန်မြို့အတွင်း ရွှေ အရောင်းအဝယ်နှင့် ပတ်သက်၍ လသာလမ်းပေါ်ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးကလည်း “ဝယ်တဲ့သူရောင်းတဲ့သူက ရှိတယ်။ ဘယ်လိုပြောမလဲ အချိတ်အဆက်မမိကြဘူးဖြစ်တာပေါ့ ၊ ကျတော်တို့က ပွဲစားအားကိုး ရတယ်။ ပွဲစားတွေ အလုပ်မလုပ်ရင်ဘယ်သူ့ကို သွားရောင်းရမလဲမသိဘူး၊ ကျွန်တော်တို့အချင်းချင်းပဲ ပတ်ပြီး အလုပ်လုပ်နေရရင် အရောင်းအဝယ်က မတွင်ကျယ်ဘူးလေ အရင်တုန်းကလောက်၊ ကုန်သည်တွေအတွက် ပိုပြီး ထိရောက်မှုရှိတယ်ဆိုပေမဲ့ တစ်ခုနဲ့တစ်ခုက ဆက်စပ်မှုရှိနေတာလေ ” ဟု ၎င်းက ပြောသည်။
ထိုကဲ့သို့ စစ်ကောင်စီ ကြေညာချက်သည် ရွှေရောင်းသူများအတွက် သက်ရောက်မှုရှိသည်မဟုတ်ဘဲ ဝယ်ယူသူများအတွက်လဲ သက်ရောက်မှုရှိနိုင်ကြောင်း၊ ရွှေဝယ်ရောင်းလုပ်ရာတွင်လည်း လိုသလောက်ဝယ်ယူ၍မရသည့် အနေအထားမျိုးသို့ ရောက်ရှိနိုင်သည်ဟု ၎င်းက ဆက်လက်ရှင်းပြသည်။
အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ ပုဒ်မ ၄ အရ ထုတ်ပြန်ထားသည့် အမိန့်တစ်ရပ်ရပ်ကို ဖောက်ဖျက် ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက ထိုသူသည် အနည်းဆုံး ထောင်ဒဏ် ခြောက် လမှ အများဆုံး ထောင်ဒဏ် သုံးနှစ် အထိ ချမှတ်နိုင်ကြောင်း သိရသည်။
ထို့ပြင် ကျပ် ငါးသိန်းထက် မပိုသည့် ငွေဒဏ်ကိုလည်း ချမှတ်ခံရမည်ဖြစ်ပြီး တရားရုံးက ပြစ်မှုနှင့် သက်ဆိုင်သည့် သက်သေခံပစ္စည်းများကို ဖျက်ဆီးစေရန် ဖြစ်စေ၊ နိုင်ငံတော်ဘဏ္ဏာအဖြစ် သိမ်းဆည်းစေရန်ဖြစ်စေ၊ အခြားနည်း စီမံခန့် ခွဲရန်ဖြစ်စေ အမိန့်ချမှတ်နိုင်သည်ဟုလည်း ဖော်ပြထားသည်။