By Zwe Ko / MPA
မုန်တိုင်းမိုးကြောင်း ပဲခူးတိုင်းအနောက်ခြမ်းရှိ စပါးခင်းများ ထပ်မံရေနစ်မြုပ်ခဲ့ကြောင်း ဒေသခံတောင်သူများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ် အောက်တိုဘာ ၂၀ရက်မှ စတင်ကာ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းအရှိန်ကြောင့် မိုးများစွာရွာသွန်းခဲ့သည့်အတွက် ပဲခူးတိုင်းအနောက်ခြမ်းရှိ စပါးခင်းများ ရေနစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်အတွင်း လေးကြိမ်ထက်မနည်း တောင်သူများစိုက်ပျိုးထားသည့် စပါးခင်းများ ရေနစ်မြုပ်ခဲ့ခြင်းလည်းဖြစ်သည်။
“ ပြီးခဲ့တဲ့ နှစ်ပတ်က ရိတ်ခါနီးစပါးခင်းတွေ ရေမြုပ်နေလို့ စိတ်ညစ်နေတာ၊ အခုရပ်ပိုင်းပြန်ပေါ်လာလို့ ကျန်တဲ့ဟာလေးတွေရိတ်မယ်ဆိုပြီး စိတ်ကူးနေတာ၊ အခုတစ်ခါ ရေထပ်မြုပ်တော့ ဘယ်လိုလုပ်ကောင်းတော့မလည်းဗျာ၊ ဒီနှစ်ကတော့ တကယ်ရေကြီးတဲ့နှစ်ပဲဗျာ၊ တစ်ခါမှ မကြုံဖူးဘူး” ဟု သာယာ၀တီမြို့နယ်၊ သုံးဆယ်မြို့မှ အသက် ၃၀ အရွယ် အမျိုးသားတောင်သူတစ်ဦးက ပြောသည်။
ထို့ပြင် မိုးရွာသွန်းမှုသည် လျော့ကျသွားခြင်းမရှိဘဲ ဆက်လက်ရွာသွန်းနေသည့်အတွက် စပါးခင်းများ ရေကြီးနစ်မြုပ်နေဆဲဖြစ်သည်ဟု လက်ပံတန်းမြို့နယ်၊ ပျဉ်းကတိုးကုန်း ကျေးရွာမှ တောင်သူ အမျိုးသားတစ်ဦးက ပြောသည်။
“ဒီနှစ်ကတော့ဧရာဝတီမြစ်ရေတက်လိုက်၊ မြစ်မခက ရေတက်လိုက်နဲ့ ရေကြီးလို့ကိုပြီးမှာ မဟုတ်တော့ဘူး။ အခုတစ်ခါ မြစ်ရေမတက်တော့။ မိုးကများ ချောင်းရေးတွေကလျှံ လယ်တွေက ရေထပ်မြုပ်ဆိုတော့ ဒီစပါးတွေကမျှော်လင့်ချက်မရှိတော့ဘူး။ ဘာတွေဘယ်လိုတွေလုပ်ကိုင်စားရမှန်းကိုမသိတော့ဘူး” ဟု ထိုတောင်သူက ပြောသည်။
ထိုကဲ့သို့ ရာသီဥတုဖောက်ပြန်မှုကြောင့် တောင်သူများ များစွာအရှုံးပေါ်နေရသော်လည်း စစ်ကောင်စီလက်အောက်ခံ တောင်သူလယ်သမားအခွင့်အရေးကားကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ဦးဆောင်ရေးအဖွဲ့ စပါးတင်း ၁၀၀၏ အခြေခံရည်ညွှန်းစျေးကို ၉၅,၀၀၀ ကျပ်သာ သတ်မှတ်ပေးထားသည်။
“အပြင်မှာ ဆင်းသုခ စပါးကတော့ တင်းတစ်ရာကို ၁၆သိန်းကျော်လောက်တော့ပေါက်တယ်။ ဒါပေမဲ့ အခုလိုရေနစ်စပါးတွေကြ အဲ့ဒီလောက်မရဘူး။ ၁၀သိန်းကျော်လောက်ပဲပေးတယ်။ ဝယ့်မဲ့ ကုန်သည်တောင်မနည်းလိုက်ရှာရနေရတယ်။ စပါးဈေးလေး ဒီထက်ပိုပြီးဈေးသတ်မှတ်ပေးရင်တော့ အပြင်ပေါက်ဈေးလည်း ဒီထက်ပိုရနိုင်တာပေါ့ ” ဟု မင်းလှမြို့နယ်၊ လှည်းပျင်းတိမ်ကျေးရွာနေ တောင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
ထို့ပြင် မိုးရာသီကာလအတွင်း စပါးခင်းများ ထပ်ခါထပ်ခါ ရေနစ်မြုပ်ခဲ့သည့်အတွက် မရိတ်သိမ်းရဘဲ စွန့်ပစ်ခဲ့ရသည့် စပါးခင်းများစွာ ရှိခဲ့ကြောင်း အုတ်ဖိုမြို့နယ်မှ အသက် ၄၀ အရွယ်တောင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
“ရိတ်သိမ်းခ ၊ ရောင်းဖို့အိမ် ပြန်သယ်ခနဲ့ မကိုက်လို့ မရိတ်တော့ဘဲ ဒီတိုင်းထားလိုက်ရတဲ့ စပါးခင်းတွေ အမတို့ရွာမှာတင် ဧက ၃၀လောက်ရှိတယ်။ ရိတ်ရတဲ့အခင်းတွေကြတော့လည်း တစ်ဧကမှ တင်း ၃၀လောက်ထွက်တာ၊ တချို့ဆို ၂၀လောက်ပဲရတယ်။ ဒီနှစ်ကုန်ဈေးနူန်းတွေနဲ့ကတော့ လယ်ရောင်းပြီး အကြွေးဆပ်ရတော့မှာ” ဟု ထိုအမျိုးသမီးတောင်သူ က မှတ်ချက်ပြုပြောသည်။
၂၀၂၄ ခုနှစ် ဇူလိုင် တစ်ရက်မှ စက်တင်ဘာ ၂၃ ရက်အထိ သုံးလနီးပါးအတွင်း နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၃၁၄ မြို့နယ်၌ မြေဧက ၁၀ သန်းကျော် ရေလွှမ်းခံခဲ့ရပြီး ယင်းတို့အနက် ဧက ရှစ်သန်းကျော်(၈၀ ရာခိုင်နှုန်း)သည် စိုက်ပျိုးမြေများဖြစ်ခါ နိုင်ငံအနှံ့ စိုက်ပျိုးမြေဧရိယာစုစုပေါင်းရဲ့ ၂၄ ရာခိုင်နှုန်းဝန်းကျင် ရေလွှမ်းခံခဲ့ရခြင်းဖြစ်ကြောင်းISP ၏စစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။
ယခုလို ရာသီဥတု ဖောက်ပြန်မှုနှင့် သဘာ၀ဘေးအန္တရာယ်များကြောင့် တောင်သူများ၏ စိုက်ခင်းများ ပျက်စီးမှု များပြားနေသော်လည်း စစ်ကောင်စီဘက်က ထိရောက်သည့် အကူအညီများမပေးသော်လည်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စိုက်ပျိုးရေးလုပ်ငန်းဖြင့် ကမ္ဘာ့ဂုဏ်ယူစရာနိုင်ငံဖြစ်အောင် လုပ်ဆောင်မည်ဟု ကြွေးကြော်ထားသည်။





