By Zwe Ko / MPA
စိုက်ပျိုးရေးလုပ်ငန်းဖြင့် ကမ္ဘာ့ဂုဏ်ယူစရာနိုင်ငံဖြစ်အောင် လုပ်ဆောင်မည်ဟု စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသော်လည်း လက်တွေ့တွင် တောင်သူများအနေဖြင့် လယ်ယာလုပ်ငန်းများ၌ ရင်းနှီးမြုပ်နှံထားသည့် ရင်းနှီးငွေများပြန်ရရန်ပင် အနိုင်နိုင်ကြိုးစားနေရကြောင်း တောင်သူများထံမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၁ရက်က စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုဝန်ကြီးများ အစည်းအဝေးပြုလုပ်ရာတွင် စစ်ကောင်စီခေါင်းဆောင်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
စစ်တပ်အာဏာသိမ်းပြီးချိန်မှ စတင်ကာ မြန်မာနိုင်ငံတွင် ငွေကြေးဖောင်းပွမှုများ များပြားလာပြီး စိုက်ပျိုးရေးသွင်းအားစုများ အဆမတန်မြင့်တက်လာမှုအပြင် သဘာဝေဘေးများကြောင့် တောင်သူများ အရှုံးနှင့်ရင်ဆိုင်နေရသည်။
“ စိုက်ပျိုးရေးလုပ်ငန်းတွေ တကယ်အောင်မြင်ချင်ရင် တောင်သူတွေကို သေချာကူညီပေးမှ ရမှာ၊ ပါးစပ်နဲ့ပြောနေတာနဲ့ မရဘူး။ အာဏာမသိမ်းခင်တုန်းက ယူရီးယားဓာတ်မြေဩဇာတစ်အိတ် နှစ်သောင်းခွဲကျော်ကျော်၊ အခု တစ်သိန်းကျော်နေပြီ၊ ငါးဆနီးပါးလောက်တက်သွားတာ၊ ကျန်တဲ့ထွန်ရက်ခ၊ ရိတ်သိမ်းခ အကုန်တက်တာပဲ၊ စပါးစျေးကြ မတက်ဘူး။ အမှန်ဆို စပါးစျေးက သိန်း ၂၀၊ ၂၅သိန်းလောက်ဖြစ်ရမှာ၊ အခုက ၁၅သိန်း၊ ၁၆သိန်းလောက်ပဲရှိတယ်။ အဲ့ဒီတော့ တောင်သူတွေ ဘယ်လိုတွက်ခြေကိုက်မလဲ” ဟု သာယာ၀တီမြို့နယ်မှ စိုက်ပျိုးရေးပညာရှင်တစ်ဦးက ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးချိန်မှ စတင်ကာ စစ်ခေါင်းဆောင်သည် စိုက်ပျိုးရေး လုပ်ငန်းများကို အစွမ်းကုန်မြှင့်တင်မည်ဟု မကြာခဏ ပြောဆိုလေ့ရှိသော်လည်း လက်တွေ့တွင် တောင်သူများ၏ အခက်အခဲကို ဖြေရှင်းမှုများ လုပ်ဆောင်နိုင်ခြင်းမရှိပေ။
“ အရင်းအနှီးတွေကြီးလာတော့ အရှုံးပါကြီးလာတာ၊ အာဏာမသိမ်းခင်တုန်းကဆို လယ်တစ်ဧက စိုက်ပျိုးရေးကုန်ကျစရိတ်က နှစ်သိန်းသုံးသိန်းပဲ၊ အခုက အနည်းဆုံး ရှစ်သိန်းလောက်ရှိတယ်။ အဲ့ဒီတော့ ရာသီဥတု အခြေအနေမကောင်းလို့ စိုက်ခင်းပျက်စီးသွားရင်တောင် အရင်းနည်းရင်ခံသာသေးတယ်။ အခုက ရှစ်သိန်းလောက်ဆိုတော့ လယ်တွေပေါင်ရတဲ့သူနဲ့ ရောင်းရတဲ့သူနဲ့ ဘယ်လိုမှ အဆင်မပြေဘူး။ သဘာ၀ဘေးကလည်း အခု နှစ်နှစ် သုံးနှစ်အတွင်း တော်တော်ဆိုးလာတာ ” ဟု လက်ပံတန်းမြို့နယ်၊ ရေငံကျေးရွာမှ တောင်သူတစ်ဦးက ပြောသည်။
ထိုသို့ စိုက်ပျိုးစရိတ် ကုန်ကျမှုများ ပိုမိုများပြားသော်လည်း စစ်ကောင်စီ လက်အောက်ခံ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ တောင်သူများကို ထုတ်ချေးပေးသည့် ချေးငွေသည် တိုးမြင့်လာခြင်းမရှိကြောင်း တောင်သူများက ဆိုသည်။
“ အခုကာလအနေအထားနဲ့ဆို တစ်ဧကကို ငါးသိန်းလောက်ချေးပေးရမှာ၊ အခုသူတို့က မချေးပေးတော့ အရင်းအနှီး မလောက်၊ အဲ့ဒီတော့ အတိုးကြီးကြီးနဲ့ ချေးငှားပြီး အရင်းအနှီးထည့်ရတာပေါ့၊ ပြီးတော့ ဘဏ်ချေးငွေသာတိုးမပေးတာ အကြောင်းအမျိုးမျိုးပြပြီး ငွေတောင်းနေတာ၊ စစ်မှုထမ်းငှားဖို့၊ စစ်မှုထမ်းထောက်ပံ့ဖို့နဲ့ မပေးရဘူးဆို တစ်လ သုံးလေးသောင်းပေးနေရတာ၊ စစ်မှုထမ်း အမည်စာရင်းပါတဲ့ မိသားစုတွေဆို သူတို့သားတွေ မပါဆိုအရေး သိန်း ၁၀ချီ ပေးနေရတာ၊ အဲ့ဒီတော့ လယ်ကလည်းရှုံး၊ ပိုက်ဆံတွေလည်း ကုန်နေတော့ လယ်ကိုရောင်းပြီး ဆပ်နေရတာ” မင်းလှမြို့နယ်၊ ဝက်လှကြီးကျေးရွာမှ အမျိုးသမီးတောင်သူတစ်ဦးက ပြောသည်။
ထို့ပြင် စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအနှံ့တွင် တိုက်ပွဲများ ဖြစ်ပေါ်လာသည့်အတွက် ကျေးလက်နေပြည်သူများသည် အိုးအိမ်များနှင့် လယ်ယာလုပ်ငန်းများကို စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေရသူများလည်း ရှိသည်။
“အလုပ်သမားတွေလည်းရှားလာတယ်။ လူငယ်တွေပိုရှားလာတာ၊ ဘာလိုလဲဆို ပြသာနာမရှိပြသာနာရှာပြီး ဒီလူငယ်တွေကိုပဲ ဖမ်းဆီးနေတာလေ၊ အခုစစ်မှုထမ်းဆိုတာကြီးပေါ်လာတော့ ပိုဆိုးတာပေါ့၊ လူငယ်တွေလည်း ရွာတွေမှာမနေရဲတော့ဘူး၊ လယ်ထဲသွားတာက အစ လိုက်ဖမ်းပြီး စစ်ထဲထည့်နေတာကို၊ နိုင်ငံခြားသွားတဲ့လူက သွား၊ PDF ထဲဝင်တဲ့သူက ဝင်နဲ့၊ အလုပ်သမားရှာတော့ စိုက်ပျိုးရေးလုပ်ငန်းတွေလည်း အချိန်နဲ့အခါနဲ့ မစိုက်နိုင်မရိတ်နိုင် ဆုံးရှုံးမှုတွေများတာပေါ့” ဟု အုတ်ဖိုမြို့နယ်မှ အသက်၄၀ အရွယ်တောင်သူ တစ်ဦးကပြောသည်။
ယခုနှစ်(၂၀၂၄ခုနှစ်)အတွင်း မြန်မာနိုင်ငံအနှံ့ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် မစိုက်ပျိုးနိုင်သည့် လယ်ဧက သိန်းချီရှိနေသည့်အပြင် သဘာ၀ဘေးကြောင့် ပျက်စီးသွားသည့် စိုက်ခင်းများလည်းရှိနေကာ စားနပ်ရိက္ခာမဖူလုံနိုင်သည့် အခြေအနေနှင့် ရင်ဆိုင်ရနိုင်ကြောင်း စိုက်ပျိုးရေးပညာရှင်များက သုံးသပ်သည်။
ယင်းအပြင် စစ်တပ်အာဏာမသိမ်းမီက တောင်သူများသည် မိမိလယ်ယာမြေပေါ်တွင် စိုက်ပျိုးချင်သည့် သီးနှံများကို စိုက်ပျိုးခွင့်ရသော်လည်း အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်က အကြောင်းအမျိုးမျိုးပြကာ တောင်သူများ မစိုက်ပျိုးခြင်သည့် နေကြာ၊ နှမ်း၊ နွေစပါးတို့ကို အတင်းအဓမ္မစိုက်ပျိုးခိုင်းသည့်အတွက် ပိုမိုခက်ခဲနေရကြောင်း တောင်သူများက ဆိုသည်။



