By Zwe Ko / MPA
ဆောင်းသီးနှံ စတင်စိုက်ပျိုးသည့်အချိန်ဖြစ်သော မိုးနှောင်းကာလ(အောက်တိုဘာလ)အတွင်း မုန်တိုင်းကြောင့် မိုးရွာသွန်းနိုင်သည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းများနှောင့်နှေးကာ ဆုံးရှုံးမှုများပြားမည်ကို တောင်သူများ စိုးရိမ်လျက်ရှိနေကြောင်း စုံစမ်းသိရှိရသည်။
လက်ရှိ ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းကာ အောက်တိုဘာ ၂၂ရက်တွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ရောက်ရှိနိုင်ပြီး အဆိုပါမုန်တိုင်းအရှိန်ကြောင့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာ၀တီတိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် မိုးရေချိန် ၂ဒသမ၇လက်မနှင့်အထက် ရွာသွန်းနိုင်သည်ဟု မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
“စပါးတွေပျက်သွားတဲ့ လယ်ကွင်းတွေ မတ်ပဲအချိန်မီလေး ကျဲခြင်တာ၊ အခုက ဘယ်လိုမှ ကျဲမရဘူး။ မိုးကမပြတ်ဘူး။ လယ်ကွက်ထဲ ထွန်စက်ဆင်းဖို့နေနေသာသာ လူတောင်သွားမရသေးဘူး။ ရေတွေရှိသေးတယ်။ ဒီတစ်ခါမိုးပါထပ်ရွာရင်တော့ နောက်တစ်လလောက်မှ လုပ်လို့ရမယ်၊ ပဲကလည်း သူ့အချိန်နဲ့အခါနဲ့မီအောင်လုပ်မှ ထွက်နူန်းကောင်းတာ”ဟု အုတ်ဖိုမြို့နယ်၊ ချောင်းဂွကျေးရွာမှ တောင်သူအမျိုးသားတစ်ဦးက ပြောသည်။
ထို့ပြင် ဆောင်းသီးနှံဖြစ်သည့် မတ်ပဲစိုက်ပျိုးရန် ပြင်ဆင်ထားသည့် တောင်သူများအပြင် ဂေါ်ဖီ၊ ဖရဲစသည့် သီးနှံစိုက်ပျိုးမည့်သူများသည်လည်း မိုးကြောင့် စိုက်ခင်းများပျက်စီးမည်ကို စိုးရိမ်လျက်ရှိနေကြောင်း မင်းလှမြို့နယ်မှ အသက် ၄၀ အရွယ် အမျိုးသမီးတောင်သူတစ်ဦးက ပြောသည်။
“ပျိုးပင်းတွေက ပျိုးပြီးနေပြီ ၊ အခုမိုးကရွာတော့ ချစိုက်လို့ကိုမရသေးဘူး။ မိုးများပြီးရေဝပ်သွားရင်အပင်တွေကသေကုန်ရော၊ အခုတစ်ခါမိုးထပ်ရွာရင်တော့ အဲဒီပျိုးပင်တွေက ပစ်လိုက်ရတော့မှာ ပျိုးထားတာ ရက် ၂၀ကျော်နေပြီ၊ ပျိုးပင်အသက်ကရင့်နေပြီ၊ ရွာထဲက စိုက်တဲ့သူတွေရှိတယ် ကြက်ဟင်းခါးတို့၊ ဘူးတိုပေါ့ အကုန်သေကုန်ကြတယ်။ မိုးကများနေတော့ဘယ်လိုမှ အဆင်ပြေသေးဘူး”ဟု အမျိုးသမီးတောင်သူက ပြောသည်။
ယင်းအပြင် မိုးများနေသည့်အတွက် လမ်းခရီးပိတ်ဆို့မှုများဖြစ်ပေါ်ကာ သီးနှံများ အလွယ်တကူဝယ်ယူ၍မရကြောင်း လက်ပံတန်းမြို့မှ ကုန်စိမ်း ကုန်သည်တစ်ဦးက ပြောသည်။
“ လမ်းတွေက တအားပျက်တာ၊ ကားတွေဝင်မရတော့ဘူး၊ စပါးကားတွေ၊ ထွန်စက်တွေ၊ ရိတ်ချွေစက်တွေ မောင်းထားတော့ လမ်းတွေကလုံးဝပျက်နေတာ၊ မြေနီလမ်းတွေဆိုတော့ အကုန်ကျွံဝင်ကုန်တာ၊ ကားသွားနွံထဲနစ်နေကော၊ အဲဒီတော့ ရွာတွေမှာ ကုန်စိမ်း ဆင်းကောက်ဖို့ မလွယ်တော့ဘူး” ဟု ၎င်းက ပြောသည်။
ထိုကဲ့သို့ မိုးလေဝသ အခြေအနေများကြောင့် ဆောင်းသီးနှံစိုက်ပျိုးမည့် တောင်သူများအနေဖြင့် အလောတကြီး စိုက်ပျိုးခြင်းမပြုရန်နှင့် မိုးလေဝသသတင်းများကို အမြဲစောင့်ကြည့်ပြီးမှသာ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်သင့်သည့်ဟု သာယာ၀တီမြို့နယ်မှ စိုက်ပျိုးရေးပညာရှင်တစ်ဦးက ပြောသည်။
“ဆောင်သီးနှံအများစုက မိုးဒဏ်မခံနိုင်ဘူး။ အစိုဓာတ်များရင်ကို အလိုလိုနေရင်း ရောဂါဝင်ပြီးသေကုန်ရော၊ ငရုတ်တို့၊ ခရမ်းချဉ်တို့ဆိုပိုဆိုးတယ်။ အရင်းနှီးတွေကြီးနေတဲ့အချိန် တစ်ခုခုလွဲချော်တာနဲ့ တောင်သူတွေပဲ နစ်နာရတာ ” ဟု ၎င်းက ရှင်းပြသည်။
မြန်မာနိုင်ငံတွင် နိုဝင်ဘာလ အထိ မိုးများစွာရွာသွန်းနိုင်ကြောင်း မိုးလေးဝသပညာရှင်များက ခန့်မှန်းထုတ်ပြန်ကြေငြာထားသည်။
မိုးရာသီစိုက်ပျိုးထားသည့် စပါးခင်းများသည်လည်း ရိတ်သိမ်းချိန်ရောက်ရှိနေသော်လည်း မိုးများစွာရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် စိုက်ခင်းများပျက်စီးသည့်အပြင် အထွက်နှုန်းလည်းလျော့ကျခဲ့ခြင်းကြောင့် တောင်သူများ အရှုံးနှင့် ရင်ဆိုင်ခဲ့ရသည်။
ပြီးခဲ့သည့် စက်တင်ဘာလတွင်းကလည်း ရာဂီမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံဒေသအများစု ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး လယ်ဧက သိန်းနှင့်ချီ ရေကြီးနစ်မြုပ်ခဲ့ရသည်။


