By Hlaing / MPA
မြန်မာနိုင်ငံတစ်ဝန်း မိုးကောင်းခဲ့သော်လည်း အညာဒေသအချို့တွင် မိုးခေါင်သဖြင့် ရေရှားပါးခဲ့ကာ ယခုနှစ် နှမ်းထွက်မကောင်းကြောင်း နှမ်းစိုက်တောင်သူများထံမှ စုံစမ်းသိရှိရသည်။
မန္တလေးတိုင်း မိတ္ထီလာ၊ တောင်သာဝမ်းတွင်း၊ သာစည်၊ မလှိုင်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မကွေးတိုင်းရှိ မြိုင်နှင့် ပေါက်မြို့နယ်ရှိ ကျေးရွာများတွင် ယခုနှစ် (၂၀၂၄ ခုနှစ်) အတွင်း၌ သိသိသာသာမိုးခေါင်မှုများကြောင့် နှမ်းစိုက်တောင်သူများ အခက်ကြုံနေရပြီး ရေရှားမှုဒဏ်ကိုလည်း တစ်ပြိုင်နက်တည်း တွေ့ကြုံခံစားနေရခြင်း ဖြစ်သည်။
“ တောင်သူတွေရဲ့ အခြေအနေကတော့ လုပ်ရင်းကိုင်ရင်းနဲ့ကို မွဲနေတာ၊ ဝီရိယကောင်းကောင်းနဲ့ စိုက်ပျိုးစရိတ်သုံးနိုင်လည်း မိုးရွာတဲ့အခြေအနေကိုကြည့်ပြီး လုပ်ရတာကို၊ ဒီနှစ်က မိုးအရမ်းခေါင်တယ်။ ကဆုန်လပြည့်ကနေ ဒီနေ့အထိ မိုးလုံးဝမရွာဘူး။ မိုးခေါင်တော့ နှမ်းလည်း ကောင်းကောင်းမထွက်ဘူး။ အရှုံးပေါ်တယ်” ဟု တောင်သာမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှ နှမ်းစိုက်တောင်သူ ဒေါ်ရီစန်း(အမည်လွှဲ)က MPA သို့ ပြောသည်။
ထိုကဲ့သို့ မိုးခေါင်၍ ရေရှားပါးမှုများကြောင့် လယ်ယာလုပ်ငန်းခွင်သုံး တိရစ္ဆာန်များအတွက် စိုက်ပျိုးထားကြသည့် မြက်နှင့် နွားစားပြောင်းများကဲ့သို့ သီးနှံပင်များလည်း ပျက်စီသဖြင့် ၎င်းတို့အတွက်ပင် အစာရေစာရှားပါးနေခြင်းဖြစ်သည်။
“ နွားစာအတွက်က အရင်ကဆို စိမ်းစိုနေတာတွေကျွေးတော့ တိရိစ္ဆာန်အတွက်လည်း ကောင်းတယ်။ အခုတော့ သူတို့လည်း(တိရိစ္ဆာန်) ငတ်ကုန်ကြရော၊ အညာမှာတော့ လူတွေရော၊ နွားတွေရော ရေငံသောက်မြက်ခြောက်စားဆိုတဲ့ စကားပုံထက် ခက်နေကြပြီ” ဟု မိထ္တီလာမြို့နယ်မှ အမည်မဖော်လိုသူ တောင်သူအမျိုးသားတစ်ဦးက ဆိုသည်။
လက်ရှိကာလတွင် စိုက်ပျိုးလျက်ရှိသော နှမ်းအမျိုးအစားများကို ယေဘူယျအားဖြင့် နှမ်းလျှင်နှင့် နှမ်းကြီးဟု ခွဲခြားထားသော်လည်း၊ ဖေဖော်ဝါရီနှင့် မတ်လအတွင်း စိုက်ပျိုးရသည့် မိုးကြိုစိုက်နှမ်း၊ မေလနှင့် ဇွန်လအတွင်း စိုက်ပျိုးရသည့် မိုးနှမ်းနှင့် စက်တင်ဘာလဆန်းပိုင်းတွင်စိုက်ပျိုးရသည့် မိုးနှောင်းနှမ်းဟူ၍ ထပ်မံခွဲခြားထားသည်။
မိုးဦး(မေလနှင့် ဇွန်လအတွင်း)နှမ်းစိုက်တောင်သူများသည် ၂၀၂၄ ခုနှစ် မေလမှစ၍ ယခု သြဂုတ်လဆန်းရက်ပိုင်းအထိ စိုက်ပျိုးရကာ မိုးရွာသွန်းမှုမရှိ၍ နှမ်းထွက်နှုန်းမှာ ယခင်နှစ်ထွက်နှုန်းများထက် တစ်ဝက်အောက်လျော့ကျ နေခြင်းလည်းဖြစ်သည်။
“ ပုံမှန်ဆို တစ်ဧကကို တင်းနှစ်ဆယ်နီးပါးထွက်တယ်။ ဒီနှစ်တော့ဆယ်တင်းတောင်မှ မရနိုင်ဘူး။ အဲ့ဒါတောင်မှ မိုးမရွာတော့ မီးလာတဲ့အချိန် ရေတင်လို့ရလို့သာ ရတာ၊ မိုးလည်းမကောင်းတဲ့အပြင် ငွေကြေးမတတ်နိုင်တဲ့ တောင်သူတွေကတော့ ရှုံးပြီပေါ့” ဟု တောင်သာမြို့နယ်မှ အခင်းပိုင်ရှင်တစ်ဦးက ဆိုသည်။
ထို့ပြင် နှမ်းပင်များ၌ ကျရောက်တတ်သည့် ဖြုတ်ညိုစုပ်ပိုးများမှတစ်ဆင့် ဖြစ်ပွားတတ်သော နှမ်းဖိုရောဂါ၊ နှမ်းရိုးပျောက်ရောဂါ၊ နှမ်းရိုးမည်းရောဂါနှင့် အခြားသောဖျက်ပိုးများရန်မှ ကာကွယ်ရန်အတွက် သုံးရသည့် လယ်ယာသုံး ဆေးပစ္စည်းများမှာလည်း အာဏာသိမ်းမှုသုံးနှစ်ကျော်ကာလအတွင်း အဆမတန်မြင့်မားလာမှုကြောင့် တောင်သူများသည် လိုအပ်သမျှ ဝယ်ယူ၍ မသုံးစွဲနိုင်မှုများ ကြုံတွေ့နေရသည်။
“ ခေတ်ကောင်းစဥ်ကတော့ နေ့နေ့ညညစိုက်ပျိုးနေလို့ရတယ်။ အခုက ရွာထဲကို စစ်ကောင်စီစစ်ကြောင်းဝင်ပြီဆိုရင် မနေရဲကြတော့ လယ်ခင်းတွေလည်း ဒီတိုင်း ပစ်ထားခဲ့ရတယ်။ အဲ့ဒီ့အခါကျ ရေလည်းပုံမှန်မသွင်းနိုင်၊ ဆေးပစ္စည်းလည်းမထည့်နိုင်ဖြစ်ရတော့ လုံးပါးပါးနေတော့တာပါပဲ” ဟု တိုက်ပွဲများဖြစ်ပွားလျက်ရှိနေသော မကွေးတိုင်းဒေသကြီးအတွင်း၌ လယ်ယာလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ဆိုသည်။
“ နှမ်းဆီစစ်စစ် တစ်ပိသာကို ၁၅၀၀၀နဲ့ ၂၀၀၀၀ ကြားမှာ ရှိတယ်။ နှမ်းတောင်သူတွေကတော့ စားအုန်းဆီတန်းစီနေရတယ်။ နှမ်းအထွက်နှုန်းနည်းတယ်၊ နှမ်းစျေးကောင်းပေမဲ့ အောက်ခြေတောင်သူတွေက ဆိုးဆိုးရွားရွားခံစားနေရတယ်” ဟု နှမ်းနှင့် ပဲကုန်သည်အမျိုးသမီးတစ်ဦးက ဆိုသည်။
မန္တလေးကုန်စည်ဒိုင်စျေးနှုန်းအရ ၂၀၂၄ ခုနှစ်၊ သြဂုတ် ၃ ရက်အထိ နှမ်းဖြူ ၄၅ ပိသာ တစ်အိတ်လျှင် ၄၆၀၀၀၀ ကျပ်၊ နှမ်းဖြူ (ရိုးရိုး) ၄၅ ပိသာ တစ်အိတ်လျှင် ၄၀၅၀၀၀ ကျပ်နှင့် နှမ်းညို (ရိုးရိုး) ၄၅ ပိသာတစ်အိတ်လျှင် ၃၆၀၀၀၀ ကျပ်အထိ ရှိပြီး၊ အချိန်နှင့်အမျှ စျေးနှုန်းပြောင်းလဲမှုများ ရှိနိုင်သည်။
စစ်ကောင်စီသည် မြင့်တက်နေသည့် အခြေခံစားသောက်ကုန်စျေးနှုန်းများကို ထိန်းချုပ်နိုင်ရန်ဟုဆိုကာ ၂၀၂၃ခုနှစ်၊ ဇွန် ၂၇ရက်တွင် ပြည်ထောင်စုကုန်စျေးနှုန်းတည်ငြိမ်ရေး ကော်မတီကို ဖွဲ့စည်းခဲ့သော်လည်း လက်အချိန်ထိ ကုန်စျေးနှုန်းကို ထိန်းချုပ်နိုင်ခြင်းမရှိသည့်အပြင် နေ့စဉ် မြင့်တက်လျက်ရှိနေသည်။