By Bala / MPA
မြန်မာငွေတန်ဖိုး ကျဆင်းနေရခြင်း၏ အဓိအကျဆုံးအချက်မှာ စစ်ကောင်စီက ငွေစက္ကူသစ် ဘီလီယံ သုံးသောင်းခန့် ရိုက်နှိပ် ထုတ်ဝေခြင်းကြောင့်ဖြစ်ကြောင်း NUG ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ယနေ့ (ဇွန်သုံးရက်) ညနေတွင် အမျိုးသားညီညွတ်ရေးအစိုးရ ၊ စီမံကိန်း ၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက ကျင်းပသည့် “ တိုင်းပြည်စီးပွားရေး ပျက်ကပ်မှသည် စစ်အာဏာရှင်စနစ် ကျဆုံးခန်းဆီသို့” သတင်းစာရှင်းလင်းပွဲ၌ NUG၊ စီမံကိန်း ၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင် က ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
“ အဓိကအားဖြင့် ကျတော်တို့အနေဖြင့် မြန်မာ့စီးပွားရေးပျက်ကပ်ပေါ့နော်။လတ်တလောဖြစ်ပေါ်နေတဲ့ကိစ္စရပ်တွေနဲ့ပတ်သက်ပြီးတော့ လူတိုင်းလိုလိုတော့ သိပါတယ်။ လူတိုင်းလိုလိုက ဒါတွေအားလုံးသည်အကြမ်းဖက် စစ်အာဏရှင်တွေကြောင့် ဖြစ်တယ်ဆိုတာကတော့ ငြင်းတဲ့သူတစ်ယောက်မှမရှိဘူး။ အကုန်လုံးသိပြီးသားဖြစ်ပါတယ်။ သို့သော်လည်းပဲ ၊ တကယ်အကြမ်းဖက်စစ်အာဏာရှင်တွေက ပေါ့နော်။ တိုင်းပြည်ရဲ့စီးပွားရေးကို ဘယ်လောက်ထိ ဆိုးကျိုးသက်ရောက်သွားအောင်၊ ဘယ် လောက်ထိ သက်ရောက်တယ်ဆိုတဲ့ အခြေခံကျတဲ့ အကြောင်းတရားများကို ဂဃနဏ ရှင်းရှင်းလင်းလင်း၊ အချက်အလက်နဲ့ သဘောပေါက်ဖို့အရေးကြီးပါတယ်” ဟု ၎င်းက ပြောသည်။
မြန်မာ့စီးပွားရေးပျက်ကပ်ဖြစ်ရခြင်း၏ အဓိက အကြောင်းအရာများမှာ စစ်ကောင်စီက ငွေစက္ကူအသစ်များ ရိုက်နှိပ်ထုတ်ဝေထားရှိမှု အခြေအနေ၊စစ်ရေးအသုံးစရိတ်များ နှစ်စဉ်တိုးမြှင့်သုံးစွဲလျက်ရှိမှုအခြေအနေ၊နှစ်အလိုက်နယ်စပ်ကုန်သွယ်ရေးအခြေအနေ၊နိုင်ငံခြား အရန်ငွေ လက်ကျန်အခြေအနေ၊Worker Remittance နှင့် Double Taxation၊ကြံရာမရ Barter Tradeလုပ်ဆောင်ရန် ခြေလှမ်းပြင်လာမှု၊FATအလားအလာ၊၂၅ပါတီထုတ်ပြန်ချက် နှင့်Capital fightနှင့် နိုင်ငံရပ်ခြား အိမ်ခြံမြေရင်းနှီးမြှပ်နှံမှုဖြစ်စဉ်များကြောင့် ဖြစ်ကြောင်း ဦးတင်ထွန်းနိုင်က ပြောသည်။
“ ပြည်သူတွေကို ပြောချင်တာကတော့ ပြောခဲ့သလို အချက်၈ချက်အပြင် မြန်မာနိုင်ငံ စီးပွားရေးပျက်ကပ်ဖြစ်စေတဲ့ အဓိကအချက်က ငွေစက္ကူသစ်ရိုက်နှိပ် ထုတ်ဝေလို့ဆိုတာ သိထားဖို့လိုပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
စစ်ကောင်စီက အာဏာသိမ်းကာလအတွင်း ငွေကျပ်ဘီလီယံပေါင်း ၃၀,၀၀၀နီးပါး ရိုက်နှိပ်ခဲ့ကြောင်းနှင့် အာဏာစတင်သိမ်းခဲ့သည့် ၂၀၂၁ခုနှစ်အတွင်းမှာပင် မြန်မာငွေစက္ကူ ဘီလီယံ ၁၀,၀၀၀နီးပါး ရိုက်နှိပ်ထုတ်ဝေခဲ့ကြောင်း ဦးတင်ထွန်းနိုင်က ပြောသည်။
” ကျွန်တော်တို့တိုင်းပြည်မှာ မနေ့တစ်နေ့ကပဲ ဖြစ်ပေါ်နေတဲ့ ဒေါ်လာစျေးတွေ မဟားတရား တက်လာတာတွေရှိတယ်။ ရွှေစျေးတွေ မဟားတရား တက်လာတာတွေရှိတယ်။ ဒါတွေကိုအကြမ်းဖက်စစ်ကောင်စီက ရွှေသမားတွေစျေးကစားလို့ ၊ဒေါ်လာသမားတွေစျေးကစားလို့ ၊ လေပတ်ကားသမားတွေ စျေးကစားလို့ဆိုပြီးတော့ တရားခံရှာတာတွေ့ရပါတယ်။ တကယ့်အကြောင်းရင်းကတော့ အကြမ်းဖက်စစ်ကောင်စီက သူတို့ ပြည်သူ့အာဏကိုလုယူတဲ့ အချိန်ကနေစပြီးတော့ ဒီကနေ့ထိ သူတို့အနေနဲ့ငွေစက္ကူ အသစ်ဗုံးပေါလအော ရိုက်နှိပ်ထားတာက အဓိကအချက်ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
အရပ်သားအစိုးရ(NLD)လက်ထက် နှစ်နှစ်အတွင်း(၂၀၁၉-၂၀၂၀ခုနှစ်) ငွေစက္ကူအသစ်ရိုက်နှိပ်ထုတ်ဝေမှုသည် ၃၆၅၆ဘီလီယံသာရှိကြောင်း သိရသည်။