ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တွင် တရုတ်ငွေ ဈေးမြင့်တက်နေခြင်းကြောင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများပါ လိုက်ပါမြင့်တက်လာကြောင်း ဒေသခံများထံမှ သိရသည်။
တရုတ်ငွေဈေးမှာ ပြီးခဲ့သည့် ရက်ပိုင်းက ယွမ် ၁၀၀ လျှင် မြန်မာငွေ ၅၆,၀၀ ခန့်ရှိခဲ့ရာမှ မေ ၁၇ ရက်တွင် ယွမ် ၁၀၀ ကို မြန်မာကျပ်ငွေ ၆၀,၀၀၀ နီးပါးအထိမြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း မူဆယ်မြို့ခံအမျိုးသမီးတစ်ဦးကဆိုသည်။
“မူဆယ်မှာတော့ ဘာဝယ်ဝယ် တရုတ်ငွေဈေးနဲ့ ပဲဝယ်ရတာ။ အရင်က ကြက်ဥတစ်ထောင်ဖိုးကို သုံးလုံးရတယ်။ အခုက တစ်လုံးကို ငါးရာပေးဝယ်ရတယ်။ ဟင်းတစ်ခွက်မှာထည့်မယ့် အစာပလာတောင်မှ အရမ်းဈေးကြီးနေပြီ”ဟု ၎င်းက MPA ကိုပြောသည်။
လက်ရှိ တရုတ်နိုင်ငံနှင့် နီးစပ်သည့် မူဆယ်၊ နမ့်ခမ်းမြို့များတွင် ကြက်သွန်ဖြူ တစ်ပိဿာ ကျပ်တစ်သောင်း၊ ကြက်သွန်နီတစ်ပိဿာ ရှစ်ထောင်ကျပ်၊ သုံးပိဿာဆန့်စားသုံးဆီတစ်ပုံးလျှင် ကျပ် ၂၈,၀၀၀ အထိ ဈေးပေါက်နေကြောင်း မြို့ခံများကဆိုသည်။
အလားတူ တရုတ်နယ်စပ်ဖြစ်သည့် ချင်းရွှေဟော်၊ လောက်ကိုင်၊ ကွမ်းလုံနှင့် ဟိုပန်မြို့များတွင်လည်း တရုတ်ငွေ ယွမ် ၁၀၀ လျှက် ၅၇,၅၀၀ ကျပ် ဖြစ်နေကြောင်း သိရသည်။
“မူဆယ်မှာပစ္စည်းဝယ်တာ မြန်မာငွေက ဘာတန်ဖိုးမှမရှိသလိုပဲ။ ဘာလို့လဲဆိုတော့ ဆိုင်တွေက တရုတ်ငွေနဲ့တွက်ပြီး ရောင်းတယ်လေ။ တရုတ်ငွေကကျလာမဲ့ အလားအလာတော့မတွေ့သေးဘူး။ ကြည့်လိုက်လေနှစ်ရက်အတွင်းကိုပဲ ၅၆,၀၀၀ ကျပ်ကနေ ၅၇,၅၀၀ အထိတက်လာတာ”ဟု ငွေလဲလုပ်ငန်းလုပ်ကိုင်နေသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ဧပြီလအတွင်းက တရုတ်ငွေယွမ် ၁၀၀ လျှင် မြန်မာငွေ ၅၂,၀၀၀ ကျပ်သာရှိခဲ့သော်လည်း ယခုမေလအတွင်း ၅၇,၅၀၀ ကျပ်အထိ ရှိလာခဲ့သည်။
စစ်ကောင်စီက အာဏာမသိမ်းမီကာလအတွင်း မူဆယ်မြို့တွင် တရုတ်ယွမ် ၁၀၀ လျှင် မြန်မာငွေ ၂၅,၀၀၀ နှင့် ၃၀,၀၀၀ ကျပ်ကြားသာပေါက်ဈေးရှိခဲ့သည်။