ပဲခူးတိုင်းအနောက်ခြမ်းရှိ မြို့နယ်များတွင် စစ်ကောင်စီက မစိုက်မနေရစီမံချက်ဖြင့် အဓမ္မစိုက်ပျိုးခိုင်းသည့် နွေစပါးခင်းများရေပြတ်လပ်နေခြင်းကြောင့် တောင်သူလယ်သမားများ အခက်တွေ့နေကြောင်း နွေစပါးစိုက်ပျိုးသူများထံမှ သိရသည်။
ဆည်ရေရရှိသည့် လယ်ကွင်းများအား နွေစပါးမစိုက်ပျိုးပါက စစ်တပ်ကသိမ်းယူမည်ဟု ဖိအားပေးခြိမ်းခြောက်သဖြင့် စိုက်ပျိုးခဲ့ရပြီး ယခုအခါ ဆည်ရေချမပေးခြင်းကြောင့် စပါးခင်းများ ပျက်စီးနေကြောင်း အုတ်ဖိုမြို့နယ်အတွင်းနေထိုင်သည့် အသက် ၄၀ အရွယ်လယ်သမားတစ်ဦးကဆိုသည်။
“ရေတောင်းတာလည်းချမပေးဘူး။ ပေါင်းသတ်ဆေးဖျန်းထားတာလည်း ရေမရှိတော့ ပေါင်းပင်တွေကမသေဘူး။ မြေတွေကလည်းခြောက်ကပ်ပြီး ပပ်ကြားအက်နေပြီ၊ စပါးပင်ပွားရမဲ့အချိန် ရေမရှိတော့အပင်တွေကနွမ်းခြောက်နေပြီ၊ ၁၀ ရက်ကျော်လောက်ရှိပြီရေမရတာ၊ ဒီပုံစံအတိုင်းဆက်သွားမယ်ဆို အစ်ကိုတို့ ရှုံးပြီ” ဟု အထက်ပါတောင်သူက MPA ကိုပြောသည်။
မင်းလှမြို့တွင်လည်း နွေစပါးခင်းများရေပြတ်လပ်နေသဖြင့် တောင်သူအချို့မှာ စပါးခင်းများအား ဖျက်ဆီးပစ်နေရကြောင်း တောင်သူအမျိုးသမီးတစ်ဦးကဆိုသည်။
“ဒီတိုင်းဆက်ထားရင် မိုးစပါးလည်းမမီ၊ နွေစပါးလည်း မရဖြစ်တော့မှာ၊ အဲဒါကြောင့် တချို့တွေ ထွန်စက်ပြန်မောင်းပြစ်ကုန်ကြပြီ၊ သူတို့(စစ်ကောင်စီ)အတင်းစိုက်ခိုင်းပြီ တကယ်ရေလိုအပ်တော့ချမပေးဘူး။ ဒါတောင်ခုရက်မိုးလေးနည်းနည်းရွာနေလို့တော်သေးတယ်“ ဟု ၎င်းကရှင်းပြသည်။
စိုက်ပျိုးစရိတ်သွင်းအားစုများ ဈေးနူန်းမြင့်တက်ပြီး အရင်းနှီးကြီးမြင့်နေချိန် ယခုကဲ့သို့ စိုက်ခင်းများရေပြတ်လပ်နေခြင်းသည် စပါးစိုက်တောင်သူများအတွက် များစွာနစ်နာဆုံးရှုံးရကြောင်း အုတ်ဖိုမြို့နယ်ရှိ စိုက်ပျိုးရေးပညာရှင်တစ်ဦးက မှတ်ချက်ပြုသည်။
“နေကလည်းတအားပူတာလေ၊ စပါးမို့လို့ အခုလောက်ဒဏ်ခံနိုင်တာ၊ ဒီပြင် အခြားသီးနှံတွေဆိုခုလောက်ဆိုသေနေပြီ၊ ဘာဖြစ်ဖြစ် သူအသက်ရွယ်မှာ ရေလုံလုံလောက်လောက်ရှိမှ အချိန်တန် စပါးရမှာလေ၊ ခုကရေကိုအချိန်နဲ့အခါနဲ့ ချမပေးတော့ စပါးမှန်းသလောက်ဘယ်ရတော့မလဲ၊ အရင်းပြန်ရတောင်ကံကောင်း” ဟု ၎င်းကဆိုသည်။
ယခုနှစ်ဆောင်သီးနှံ မတ်ပဲ မစိုက်ပျိုးခိုင်းပဲ စစ်ကောင်စီက နွေစပါး အတင်အဓမ္မဖိအားပေးစိုက်ပျိုးခိုင်းခဲ့သည့် ပြည်မြို့နယ်၊ ဝက်ထီးကန်တိုက်နယ်ထဲက လယ်သမားများလည်း ပြီးခဲ့တဲ့မတ်လ အတွင်းက ဆည်ရေပြတ်လပ်မှုဖြစ်ပေါ်ခဲ့ပြီးစပါးခင်းများပျက်စီးခဲ့ရသေးသည်။