Update – ပြည်သူများအားပေးကြမ်းသည့်အတွက် နွေဦးထီ စတင်ဖွင့်သည့် တစ်နာရီအတွင်း သတ်မှတ်ထီလက်မှတ်ရေ အားလုံးကုန်သွားကြောင်း သိရသည်။
NUG အစိုးရက ပြုလုပ်သည့် အောင်လံလွှင့်ချီ နွေဦးထီကို သြဂုတ်လ ညနေ ၄ နာရီတွင် စတင်ရောင်းချခဲ့ရာ တစ်နာရီအတွင်း ပြည်သူများ အားပေးများလွန်းသည့်အတွက် ကြန့်ကြာမှုများဖြစ်ပေါ်ခဲ့သဖြင့် စိတ်ရှည်သည်းခံပေးကြဖို့မေတ္တာရပ်ခံစာကို ထုတ်ပြန်ရသည် အထိဖြစ်ခဲ့သည်။
“ အားတက်သရော အားပေးကြတဲ့ မိဘပြည်သူများကို အထူးကျေးဇူးတင်ရှိပါတယ်။ လတ်တလောတွင် အားပေးသူအလွန်များပြီး delay time များဖြစ်ပေါ်နိုင်တာကြောင့် စိတ်ရှည်သည်းခံပေးကြဖို့မေတ္တာရပ်ခံလိုပါတယ်။ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုများပေးနိုင်အောင်လဲ အထူးကြိုးစားနေပါတယ်။ “ ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ ကျမတို့ အားပေးချင်လွန်းလို့ ထီထိုးဖို့ကိုမနက်ကတည်းကစောင့်နေတာ Chat botမှာ စာပို့ထားတာတော်တော်နဲ့ မပြန်ဘူး။ စစ်ခွေးတွေ နည်းမျိုးစုံသုံးပြီး ပျက်အောင်လုပ်နေတယ်လို့ပဲထင်တယ်။ ထီထိုးဖို့ ကိုပြည်သူတွေကစိတ်ရှည်သည်းခံဖို့လိုတယ်လိုထင်ပါတယ်။“ ထီထိုးရာတွင် အဆင်မပြေခဲ့သည့် ပြည်သူတစ်ဦးကရှင်းပြသည်။
အောင်လံလွှင့်ချီ နွေဦးထီကို ထီဆုရရှိခြင်းမရရှိခြင်းထက် ပြည်သူများသည် စစ်အာဏာရှင်ကိုတော်လှန်ရန်အတွက် အထောက်အပံ့တခုဖြစ်စေမည့် အစီအစဉ်တခုဖြစ်သည့်အတွက် ယခုလို အများအပြားအားပေးကြခြင်းဖြစ်ကြောင်း ပြည်သူအများစုကဆိုသည်။
အောင်လံလွှင့်ချီ နွေဦးထီအစီအစဉ်ကို အကြမ်းဖက်စစ်ကောင်စီမှ နည်းမျိုးစုံသုံးပြီး ပျက်ပြားစေရန် လုပ်ဆောင်နေလျက်ရှိရာ လိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာ အကာအကွယ်တချို့အား အချိန်မီပြင်ဆင်ရန် လိုအပ်လျှက်ရှိသည့်အတွက် ထီစတင်ရောင်းချမည့်အချိန်အား နံနက် (၁၀) နာရီအစား ညနေ (၄) နာရီသို့ ပြောင်းလဲရောင်းချခဲ့သည်။
ကျန်ရက်များတွင် ပုံမှန်အတိုင်း နံနက် (၁၀) နာရီမှ ည (၁၀)နာရီ အချိန်အတွင်း ထီလက်မှတ်များကို ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။