NUG အစိုးရမှ အာဏာသိမ်း စစ်ကောင်စီကို တန်ပြန်ပြုလုပ်သည့် နွေဦးထီ လုပ်ငန်းသည် ငွေသွင်းငွေထုတ်မှု အဓိက ပြုလုပ်ရန်အတွက် Wave Money အပေါ် မှီတည်မှုက အချက်ကျလာနိုင်သဖြင့် Wave Money နှင့်လက်တွဲသော ရိုးမဘဏ် ဒေဝါလီခံရနိုင်သည့် သတင်းများထွက်ပေါ်လာခြင်း ဖြစ်ကြောင်း ၎င်းလုပ်ငန်းနှင့် နီးစပ်သူများက သုံးသပ်ကြသည်။
NUG အစိုးရအနေဖြင့် ထီလုပ်ငန်းကို လုပ်ကိုင်ရာတွင် ထီထိုးသူ ပြည်သူများနှင့် ငွေသွင်း ငွေယူရမည့် ငွေကြေးဆိုင်ရာ စီးဆင်းမှုလမ်းကြောင်းသည် ပြည်သူများအတွက် အလွယ်ကူဆုံးမှာ Wave Money ဖြင့် ငွေလွှဲပို့ခြင်းကသာ ဖြစ်နိုင်ကြောင်း ပြည်တွင်းရှိ အခွန်ဦးစီးဌာနမှ အငြိမ်းစား ညွှန်ကြားရေးမှူးတဦးက သုံးသပ်သည်။
“ ထီထိုးဖို့လည်း ငွေပို့ရတာ၊ ပေါက်ရင်လည်း ငွေထုတ်ရတာ Electronic စနစ်အရ Wave က အလွယ်ဆုံးပဲ။ Wave ကလည်း ရိုးမဘဏ်နဲ့ ချိတ်ထားတော့ အဲ့လမ်းကြောင်းကို ထိန်းချုပ်ဖို့က ရိုးမဘဏ်ကို ဖျက်မလား၊ ဘဏ်တွင်း လုပ်ငန်းတွေကို စစ်ကောင်စီ ထိန်းချုပ်လို့ရအောင် သူ့လက်အောက် ထည့်မလား ဆိုတာရွေးစရာ ဖြစ်နိုင်တယ်” ဟု ဆိုသည်။
ပြည်သူများအနေဖြင့် လူမှုကွန်ယက်တွင်ပင် အာဏာသိမ်း စစ်ကောင်စီထက် NUG အစိုးရအပေါ် အခက်အခဲများစွာ ကြားကထောက်ခံမှု မြင့်တက်နေပြီး အာဏာသိမ်းပြီး ၆ လအထိ မြေပြင်အုပ်ချုပ်ရေးကို အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီမှ ထိရောက်စွာ အကောင် အထည် မဖော်နိုင်သေးခြင်းက သက်သေတစ်ခုဟု ယူဆရမည်ဖြစ်ကြောင်း ဝါရင့်နိုင်ငံရေး လေ့လာသုံးသပ်သူက ပြောသည်။
ယနေ့အချိန်တွင် ၎င်းတို့အနေဖြင့် စစ်ကောင်စီ၏ အချိန်မရွေး ဖမ်းဆီးနိုင်သည့် အနေအထားကြောင့် ၎င်း၏ နာမည်ကိုတော့ ထည့်သွင်းရေးသားခွင့်မပြုပေ။
“ ဘဏ်တခုဆိုတာ လွယ်လွယ်နဲ့တော့ ပြိုလဲလို့မရပါဘူး။ ဒါပေမယ့် စစ်ကောင်စီက NUG အပေါ် ပြန်တုံ့ပြန်ဖို့ ရွေးစရာ လမ်းမရှိရင် သူလုပ်ချင်ရာ သူလုပ်ဖို့ ဝန်လေးမယ် မထင်ဘူး။ အဲ့ဒီအတွက် Wave Money ကနေ အသုံးပြုနိုင်မယ့် လမ်းကြောင်းကို ထိန်းချုပ်မယ်ဆိုလည်း ဖြစ်နိုင်ချေရှိတယ်။ ဘဏ်တခုလုံးကို ဒေဝါလီခံ ခိုင်းမယ်တော့ မထင်ပါဘူး” ဟု သူက ဆိုသည်။
ရိုးမဘဏ် ပြိုလဲနိုင်သည်ဟု လူမှုကွန်ယက်တွင် ပြောဆိုဝေဖန်နေကြသော်လည်း စစ်ကောင်စီ လက်အောက်ရှိ မြန်မာနိုင်ငံ ဗဟိုဘဏ်က အာမခံကာ မည်သည့်ဘဏ်မှ မပြိုလဲကြောင်း အတိအလင်းကြေညာခဲ့သည်။
ပြည်သူများအနေဖြင့် စိုးရိမ်စရာ မရှိသလို ဘဏ်များအားလုံးသည် စည်းမျဉ်း စည်းကမ်းများအတိုင်း ဆက်လက်ရပ်တည်နေမည်ဟု ဗဟိုဘဏ် ဒုဥက္ကဌ ဦးဝင်းသော်က MPA သို့ ပြောထားသည်။
သို့သော် မြန်မာနိုင်ငံအတွင်း ငွေပို့ငွေလွှဲခြင်း၊ ထုတ်ခြင်းများတွင် Wave Money စနစ်က အဓိက အသုံးဝင်သည့် စနစ်တခုတွင် ရှိနေပြီး ရိုးမဘဏ်နှင့် ချိတ်ဆက် ဆောင်ရွက်ရသဖြင့် ထိုကဲ့သို့ ဖြစ်လာလျှင် မိမိတို့ထက် ပြည်သူလူထုပင် ပိုမိုအခက်တွေ့ရနိုင်သည်ဟု Wave Money အေးဂျင့်တဦးက သုံးသပ်သည်။
NUG ၏ ထီလုပ်ငန်းသည် လက်ရှိအောင်ဘာလေထီလုပ်ငန်းလို စာရွက်အခြေပြု ထီနှင့် အွန်လိုင်းမှတဆင့် ရောင်းချမည့်ထီကို ကွဲကွဲပြားပြား မသိရသေးပေ။
အွန်လိုင်းနည်းပညာ ထီလုပ်ငန်းဆိုလျှင် နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများစွာရှိကြောင်း၊ ထို့အပြင် စစ်ကောင်စီမှ အကြမ်းဖက် အဖွဲ့အစည်းဟု သတ်မှတ်ထားသည့်အတွက် ထီထိုးသူများ၊ တဆင့်ခံ အေးဂျင့်များပင် အကြမ်းဖက်ဥပဒေ၊ လောင်းကစား အက်ဥပဒေမျိုး ရာဇသတ်ကြီး ဥပဒေဖြင့် ငြိစွန်းနိုင်ကြောင်း စစ်ကောင်စီ လက်အောက်ခံ အခွန်ဦးစီးဌာန၊ အောင်ဘာလေထီလုပ်ငန်း ဌာနမှ ညွှန်ကြားရေးမှူး ဦးညီညီလှိုင်က ယနေ့တွင် မြန်မာ့အသံမှတဆင့် ဖြေကြားထားသည်။
ထိုကိစ္စနှင့် ပက်သက်ပြီး ရိုးမဘဏ်၏ ရုံးချုပ်သို့ MPA မှ ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေကြားခြင်း မရှိခဲ့ပေ။
CDM ဝန်ထမ်းများကို ထိရောက်စွာ ကူညီထောက်ပံ့ရန် NUG အစိုးရက “အောင်လံလွှင့်ချီ နွေဦးထီ” ဟူသည့် ထီ လုပ်ငန်းကို အကောင်အထည်ဖော်တော့မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက် ဖွင့်သည့် “အောင်ဘာလေထီ” ကို ထိုးသူ နည်းပါးသည့်အတွက်ယာယီ ရပ်နားခဲ့ရသည့်အပြင် ပြန်လည်ဖွင့်လှစ်ချိန်တွင်လည်း ယခင် ကျပ်သိန်းတစ်သောင်းခွဲ အမြင့်ဆုံးဆု ပေးနေရာမှာ ကျပ်သိန်းငါးထောင်ဆုကိုသာ ပေးနိုင်ခဲ့သည်။
#ရိုးမဘဏ် # ဗဟိုဘဏ် # ထီလုပ်ငန်း #MPA