မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးထားသောမိုးစပါးများ အကုန်အစင်ရိတ်သိမ်းပြီး၍ နယ်စုံမှစပါးများ လှိုင်လှိုင်ထွက်ပေါ်နေသော်လည်း ပြည်တွင်းဆန်ဈေးနှုန်းမှာ တရိပ်ရိပ်ဆက်လက်မြင့်တက်နေပြီး ဈေးအမြင့်ဘက်သို့ဦးတည်နေကြောင်း ဝါးတန်းဆိပ်ကမ်းအခြေစိုက် ဆန်စပါးကုန်စည်ဒိုင်ကသိရသည်။
“ ဆန်ဈေးက တအိအိတော့တက်နေတုန်းပဲ။ အတက်ရပ်တဲ့တစ်ကြိမ်က နှစ်ပတ်လောက်တော့ ရပ်သွားတယ်။ ရပ်သွားပြီးနောက်မှာ နည်းနည်း နည်းနည်း ပြန်တက်လာတယ်။ စပါးဈေးလည်း တက်တာပဲ” ဟု ဝါးတန်းကုန်စည်ဒိုင်က ဆန်၊ စပါးကုန်သည်တစ်ဦးက ဆိုသည်။
စပါးဈေးကွက်အတွင်း ရွှေဘိုစပါး တင်း ၁၀၀ လျှင် ကျပ်သိန်း ၄၀ ဝန်းကျင်၊ ဧရာဝတီပေါ်ဆန်းစပါးဈေးမှာ ကျပ် ၃၂ သိန်းမှ ၃၄ သိန်းဝန်းကျင်နှင့် ဆန်ကြမ်းစပါးဈေးနှုန်းမှာကျပ် ၁၉ သိန်း၊ သိန်း ၂၀ ဝန်းကျင်ခန့်ရှိနေပြီး ယခုစပါးအသစ်များပေါ်ထွက်ချိန် အတွင်းမှာပင် စပါးဈေးအမြင့်ဆုံးသို့ရောက်ရှိနေခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။
ယခုကဲ့သို့ စပါးဈေးများမြင့်တက်နေရခြင်းမှာ ဆန်လောကထဲကမဟုတ်သော အင်အားကြီးအပြင်ကုမ္ပဏီများက စပါးအသစ်များကို အလုံးအရင်းဖြင့်ဝယ်ယူသိုလှောင်နေခြင်းကြောင့် ဈေးကွက်အတွင်း စပါးများပြတ်လပ်ကာ ဈေးနှုန်းများမြင့်တက်နေခြင်းဖြစ်ကြောင်း သိရသည်။
” Goody က Goody ဆိုတဲ့ကုမ္ပဏီနာမည်နဲ့ပဲ။ Meizan က Wilmar ဆိုတဲ့ကုမ္ပဏီနာမည်နဲ့။ အဲ့ဒီ Wilmar က သန်လျင်(သီလဝါ)ဘက်မှာ ဆန်စက်အကြီးကြီးပဲလို့ပြောတယ်။ ဂိုဒေါင်လည်း အကြီးကြီးပဲတဲ့။ ကုမ္ပဏီနှစ်ခုစလုံးက မနှစ်ကမှစတာ။ ပြီးတော့ ဆန်လောကထဲက မဟုတ်ဘူး။ ဆီသမားတွေက ဆန်လောကထဲကိုဝင်လာပြီးတော့ တွင်တွင်ကျယ်ကျယ်ကိုလုပ်တာ။ သူတို့ရဲ့အင်အားက ဈေးကွက်ကို လှုပ်ခတ်နိုင်တဲ့အင်အားရှိတယ်” ဟု ဆန်ကုန်သည်တစ်ဦးကဆိုသည်။
အဆိုပါ ကုမ္ပဏီများသည် စပါးအဓိကစိုက်ပျိုးရာ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း ခရမ်းသုံးခွ၊ ကျောက်တန်းမြို့နယ်တို့မှစ၍ အထက်ရွှေဘိုနယ်အထိ ဆန်ကြမ်း၊ ဆန်ချောများကို အလုံးအရင်းဖြင့် ဝယ်ယူနေကြကြောင်း သိရသည်။
ထိုသို့ ဝယ်ယူသိုလှောင်မှုများကြောင့် ယခုစပါးများ လှိုင်လှိုင်ထွက်ပေါ်သည့်ကာလမှာပင်လျှင် ပြည်တွင်ဆန်ဈေးနှုန်းများ ကျဆင်းလာခြင်းမရှိဘဲ ဆက်လက်မြင့်တက်နေပြီး စပါးရှားပါးလာမည့်ချိန်တွင် ပြည်တွင်းဆန်ဈေးနှုန်းမှာ ယခုဈေးထက် ထပ်မံမြင့်တက်လာဖွယ်သာရှိကြောင်း ဆန်၊ စပါးကုန်သည် အသိုင်းအဝိုင်းက ခန့်မှန်းနေကြသည်။
“ ဆန်အကြမ်းတွေ လေးလပိုင်းထဲပေါ်ပြီးရင် ထပ်ပေါ်စရာမရှိတော့ဘူး။ နောက်အသစ်ရာသီက အဝေးမှ အဝေးကြီးလိုသေးတယ်။ ဒီကာလက ပြောရမယ်ဆိုရင် နယ်စုံပေါ်ပြီးကာလပေါ့။ ဒီအချိန်မှာ ဆန်းဈေးက ဒီလောက်ဈေးမဖြစ်သင့်ဘူး” ဟု ဆန်အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက သုံးသပ်သည်။
လက်ရှိ ပြည်တွင်းဆန်ဈေးကွက်တွင် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ဆန်အရည်အသွေးပေါ်မူတည်၍ ကျပ် ၁၄၀,၀၀၀ မှ ၁၅၀၀၀၀ အထိ၊ ကျားပျံပေါ်ဆန်းတစ်အိတ်လျှင် ၁၄၅,၀၀၀ ကျပ်၊ ဧရာဝတီတိုင်းပေါ်ဆန်းတစ်အိတ်လျှင် ၁၂၀,၀၀၀ မှ ၁၄၀,၀၀၀ ကျပ်၊ ပေါ်ဆန်းလတ်တစ်အိတ်လျှင်ကျပ် ၁၀၀,၀၀၀ မှ ၁၀၅,၀၀၀ အထိရှိနေပြီး ဆန်ကြမ်းများဖြစ်သော အညာသား ရက် ၉၀ ဆန်တစ်အိတ်လျှင်ကျပ် ၈၅,၀၀၀ မှ ၉၅,၀၀၀ ဝန်းကျင်အထိ၊ နှံကား၊ မနောသုခ၊ လုံးပု စသည့်ဆန်ကြမ်းတစ်အိတ်လျှင်ကျပ် ၈၀,၀၀၀ ဝန်းကျင်ခန့်ရှိကြောင်း ဝါးတန်းဆိပ်ကမ်းအခြေစိုက် ဆန်၊ စပါးကုန်စည်ဒိုင်က သိရသည်။