တနင်္သာရီတိုင်း၊ပုလောမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ် စခန်းငယ်တစ်ခုကို ဒေသတွင်း တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်သားနှစ်ဦး ပြင်းထန်ဒဏ်ရာရသွားကြောင်း ပူရိယက္ခညီနောင်စစ်ကြောင်းထံက သိရသည်။
အောက်တိုဘာလ ၇ရက်နေ့က ပုလောမြို့နယ်၊ပုလောကုန်းကျေးရွာအနီးရှိ တစ်မိုင်တောင် တောင်ကုန်းပေါ် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပူရိယက္ခညီနောင်စစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပူရိယက္ခညီနောင်စစ်ကြောင်း၏ စစ်ကြောင်းမှူး ဗိုလ်ဝေလက ပြောသည်။
“ ၇ရက်နေ့က တိုက်ပွဲဖြစ်တာပေါ့။လိုင်းအခြေအနေအရ ဒီနေ့မှ ထုတ်ပြန်ဖြစ်တာပါ။တစ်မိုင်တောင်ပေါ်မှာရှိတဲ့ စစ်စခန်းငယ်တစ်ခုကို ဝင်တိုက်တာပေါ့။အဲ့မှာ စစ်သား အယောက် ၂၀ ဝန်းကျင်ရှိတယ်” ဟု၎င်းက ပြောသည်။
ယင်းတိုက်ပွဲမှာ ညနေ၅နာရီ မိနစ်၅၀ မှ ည၉နာရီအထိ ၃နာရီကျော်ကြာ ခဲ့ ကြောင်းသိရသည်။
“တိုက်ပွဲနည်းနည်းကြာတော့ သူတို့စခန်းကနေ ၆၀(မမ)နဲ့ ကျွန်တော်တို့ကို ဆက်တိုက်ပြန်ပစ်တာ ပေါ့။ကျွန်တော်တို့ဘက်က တစ်ယောက်မှ မထိပါဘူး။အောင်မြင်စွာပြန်ဆုတ်နိုင်ခဲ့ပါတယ်”ဟု ၎င်းကပြောသည်။
တစ်မိုင်တောင် သို့ စစ်ကူလာသည့် စစ်သားများကိုလည်း ပူရိယက္ခညီနောင်စစ်ကြောင်းနှင့် PRDFတပ်ဖွဲ့တို့က ပုလောကုန်းရွာထိပ်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းလည်း PRDFတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ တစ်မိုင်တောင်ကို တိုက်နေတုန်း စစ်ကူလာတဲ့ စစ်ကြောင်းကို ပုလောကုန်းရွာထိပ်ကနေ ကြားဖြတ်ဝင်တိုက်ရင်း အပြန်အလှန်ပစ်ခတ်မှုဖြစ်တယ်။နှစ်ဘက်စလုံး အကျအဆုံးမရှိပါဘူး” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်က တစ်မိုင်တောင်တွင် လက်နက်ကြီးကျည်နှင့် စစ်အင်အား ဖြည့်တင်းထားပြီး စစ်ကြောင်းထိုးတိုက်ခိုက်မှုများ မလုပ်သေးကြောင်း သိရသည်။