By MPA / ခေတ်မင်းကို
မြန်မာနိုင်ငံတွင် ရွှေဈေးကွက်နှင့်ရွှေဈေးနှုန်းကိုထိန်းချုပ်ရန်ဟူသောရည်ရွယ်ချက်ဖြင့် စစ်ကောင်စီက အလေးချိန် သုံးပိသာစီရှိသောရွှေစင်တုံးနှင့်ရွှေစင်ခဲများကို ယမန်နေ့ စက်တင်ဘာ ၂၉ ရက်က စတင်ထုတ်ရောင်းခဲ့သော်လည်း နှစ်ရက်ဆက်တိုက် ဝယ်ယူသူမရှိသည့်အတွက် ရပ်နားလိုက်ပြီဖြစ်သည်။
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် သုံးပိသာစီရှိသောရွှေစင်တုံးနှင့်ရွှေစင်ခဲများကို ရောင်းချခဲ့ခြင်းဖြစ်သည်။
“ရန်ကုန်ရောမန္တလေးမှာ နေလည် ၁ နာရီကနေ ၃နာရီအတွင်း စျေးပြိုင်စနစ်နဲ့ သတ္ထုတွင်းမှာရှိတဲ့ရွှေတွေထုတ်ရောင်းတာ။ အပြင်ဈေးထက်များနေတော့ ဝယ်သူမရှိဘဲ တင်ဒါပိတ်လိုက်ရတယ်။ ဘယ်ရက်ပြန်ရောင်းမယ်ဆိုတာတော့မသိသေးဘူး”ဟု ရွှေလေလံတင်ဒါရောင်းချရေးကော်မတီဝင်တစ်ဦးက ပြောကြားသည်။
စက်တင်ဘာ၂၉ ရက်နေ့ ပြင်ပရွှေပေါက်ဈေးသည် ရွေတစ်ကျပ်သားလျှင် ကျပ် ၂၅ သိန်းလေးသောင်းစျေးရှိပြီး စစ်ကောင်စီကရောင်းချသည့်လေလံကြမ်းခင်းစျေးမှာ ၂၅သိန်းခြောက်သောင်းကျပ်ဖြစ်ရာ တစ်ကျပ်သားလျှင် နှစ်သောင်းကျပ်ကွာဟနေရာ ရွေသုံးပိသာအတွက် ကျပ်သိန်းခြောက်ဆယ်ကျော်ဈေးပိုများနေသည်ကိုတွေ့ရသည်။
ထို့အပြင် ရွှေတင်ဒါဝယ်ယူရမည့်စည်းကမ်းများကိုလည်း တင်ဒါဈေးစဖွင့်ချိန်မှသာထုတ်ပြန်ခဲ့သည့်အတွက် ဝယ်ယူလိုသူများအတွက်အခက်အခဲများဖြစ်ပေါ်ခဲ့သည်အပြင် ရောင်းချသည့်ရွှေပေါက်စျေးမှာလည်း ဗဟိုဘဏ်ကသတ်မှတ်ထားသည့် အမေရိကန်တစ်ဒေါ်လာလျှင်၂၁၀၀ ကျပ်ဈေးနှုန်းမဟုတ်ဘဲ ပြင်ပဒေါ်လာပေါက်ဈေးဖြင့် စစ်ကောင်စီက အမြတ်တင်ရောင်းချခဲ့ခြင်းဖြစ်သည်။
ဗဟိုဘဏ်သတ်မှတ်ချက်ဈေးအရ ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၉ သိန်းသုံးသောင်းခွဲဝန်းကျင်သာရှိရာ ကျပ်ခြောက်သိန်းခွဲဝန်းကျင်ခန့် အမြတ်တင်ရောင်းချခဲ့ခြင်းလည်းဖြစ်သည်။
“တင်ဒါစည်းကမ်းတွေကိုသုံးလေးရက်ကြိုမကြေညာဘဲ ပွဲရောက်မှထုတ်ပြောတာ၊ ကြိုတင်စပေါ်ငွေ ဆယ်သိန်းတောင်းတာ၊အောက်တိုဘာ ၆ ရက်ကျော်မှ ဝယ်ထားတဲ့ရွှေကို နေပြည်တော်မှာထုတ်ရမယ်ဆိုတော့ ဘယ်သူကလာဝယ်မှာလဲ”ဟု ရွှေတင်ဒါပွဲလာရောက်သူ ရန်ကုန်မြို့ခံ ဝါရင့်ရွှေကုန်သည်တစ်ဦးကပြောဆိုသည်။
တင်ဒါစည်းမျဉ်းများအရ ကြိုတင်ငွေပေးသွင်းရခြင်း၊ ရွှေသုံးပိသာကို တစ်ဦးတည်းဝယ်ရခြင်း၊ရွှေဖိုးငွေ ကျပ်သိန်း ၇၆၈၀ ကို ဘဏ်စာရင်းတင်ပြရခြင်းနှင့် အများပြည်သူအလွယ် တကူဝယ်ယူနိုင်ရန် မလွယ်ကူခြင်းတို့ကြောင့် ဝယ်ယူသူမရှိဘဲ ရွှေလေလံစျေးပိတ်ခဲ့ရခြင်းဖြစ်သည်။
“စစ်ကောင်စီရဲ့ရွှေက ဈေးကွက်ထဲကရွှေနဲ့ယှဉ်ရင် တစ်ပိသာကို နှစ်ကျပ်သားလောက်ကွာတယ်။ လျှော့နေတယ်။ အပြင်မှာပြန်ရောင်းရင် နှစ်ကျပ်သားရှုံးမှာ။ ရွှေတွင်းတွေကနေနိုင်ငံတော်ကိုအခွန်ဆောင်ထားတဲ့ရွှေတွေဆိုတော့ ပြင်ပက ရွှေစံချိန်နဲ့ကွာနေတာပေါ့။အပြင်မှာပဲ ဝယ်ကြမှာပေါ့”ဟု ရွှေဘုံသာလမ်းမှ ရွှေကုန်သည်တစ်ဦးက ရှင်းပြသည်။
ရွှေရောင်းချမှုကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းမရှိ မြန်မာ့ ကျောက်မျက်ရတနာပြတိုက် (ရန်ကုန်)နှင့် မန္တလေးမြို့ ၂၆လမ်းနှင့် ၆၆လမ်းထောင့်ရှိ star mart mandalay တို့တွင် စက်တင်ဘာ ၂၉ ရက်နေ့ကစတင်ကာ ဈေးပြိုင်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ခြင်းဖြစ်သည်။