By MPA / ခေတ်မင်းကို
ရန်ကုန်ရှိမြို့နယ်အများစုတွင် မီတာခအကြွေးကျန်သည့်နေအိမ်များကို စစ်ကောင်စီ၏ MEC ကုမ္ပဏီထုတ် Digital မီတာများပြောင်းလဲတပ်ဆင်ကာ မီးဖျက်ပြီးမီတာခများ လိုက်လံကောက်ခံနေသည်ဟု သိရှိရသည်။
“ရန်ကုန်မှာခရိုင်အလိုက် မီးဖျက်ပြီးမီတာခကောက်ခိုင်းတာကြာပါပြီ။ အရင်ကသံလိုက်မီတာတွေကျတော့ ပိတ်ရဖြုတ်ရတာမလွယ်ဘူးလေ။ဓါတ်တိုင်ကကြိုးကိုတက်ဖြုတ်ရတာတွေရှိတယ်။အခုတော့အဝေးထိန်းစက်နဲ့လိုက်ပိတ်နေတာ “ဟုမြောက်ဒဂုံမြို့နယ်မှ EPC CDM ဝန်ထမ်း ဒေါ်အေးမြင့်(အမည်လွဲ)ကပြောသည်။
Digital Meter များသည် အဝေးထိန်းစနစ်ဖြင့် မီတာစက်ကိုပိတ်ပြီးမီးဖျက်နိုင်သည့်အတွက် EPCဝန်ထမ်းများကနေအိမ်ထဲသို့မဝင်ဘဲအဝေးမှမီတာကိုထိန်းချုပ်ကာလျှပ်စစ်မီးဖျက်တောက်ခြင်းဖြစ်သည်ဟုဆိုသည်။
မီတာဆောင်ပြီးပါကလည်း အနည်းဆုံးခုနှစ်ရက်ဝန်းကျင်ကြာမှ မီတာကိုပြန်ဖွင့်ပေးသလို မီတာဆောင်ရန် မီတာရုံးထဲသို့တစ်ဦးသာဝင်ရောက်ခိုင်းကြောင်းလုံခြုံရေးတင်းကျပ်ထားကြောင်း မီတာဆောင်သူများကပြောသည်။
MEC Digital မီတာသည် ယခင်NLD အစိုးရလက်ထက် တင်ဒါအောင်ထားသောကုမ္ပဏီအစား စစ်ကောင်စီအမိန့်ဖြင့်ပြောင်းလဲတပ်ဆင်ထားသော Digital Meter များဖြစ်သည်။
“အခုရက်ပိုင်း မီးမှန်ချင်လို့မှန်နေတာမဟုတ်ဘူး။ မီတာခအတင်းဆောင်ခိုင်းချင်လို့ မီးဖျက်ပြီးဆောင်ခိုင်းနေတာ။ Digital ပညာရှင်တွေအနေနဲ့ပြည်သူတွေအတွက် နည်းပညာအကူအညီပေးသင့်တယ်”ဟု ရန်ကုန်မြေအောက် တော်လှန်ရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးကဆိုသည်။
ယခင်ကမီတာခအကြွေး သိန်း၂၀ အထက် မီတာများကိုသာ မီးဖျက်ပြီးမီတာခကောက်ခံသော်လည်း လက်ရှိတွင် မီတာခနှစ်သိန်းဝန်းကျင် နေအိမ်များကိုပါမီးဖျက်လာကြောင်းသိရသည်။
“စစ်ကောင်စီကပိုက်ဆံဘဲလိုချင်တာမီးမှန်မှန်ပေးနိုင်တာလဲမဟုတ်ဘူး အခုအချိန်ထိ မီးပျက်လို့ဖုန်းခေါ်ရင်မီတာရုံးကကိုင်မယ့်သူမရှိဘူး။ သက်သက်မဲ့မကိုင်တာလဲဖြစ်နိုင်တယ်”ဟု အင်းစိန်မြို့နယ်တွင်နေထိုင်သူတစ်ဦးကပြောသည်။
မြန်မာပြည်သူများသည်စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သည့်အနေဖြင့်မီတာခများမဆောင်ဘဲသပိတ်မှောက်ခဲ့ကြသည်။ အကြမ်းဖက်စစ်ကောင်စီက တစ်နှစ်ခွဲကျော်ကြာမှသာ မီတာစာရင်းအတိအကျပြန်လည်ပြုစုကာ မီးဖျက်ပြီး မီတာခကောက်ခံနိုင်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတစ်ဝှမ်းရှိမြို့ကြီးများတွင်လည်း မီတာခအတင်းအကျပ်ကောက်ခံနေသော်လည်း အကြမ်းဖက်စစ်ကောင်စီသည် အချိန်ပိုင်းအလိုက်လျှပ်စစ်မီးပေးခြင်းကိုသာ ဆက်လက်ကျင့်သုံးနေခြင်းဖြစ်သည်။