By MPA 010
အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ကိုယ်ရေးအချက်အလက်မပြည့်စုံသည့် မိုဘိုင်းငွေပေးချေမှုအကောင့်များကို ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၆ က ထုတ်ပြန်သည်။
ယင်းသို့ အကောင့်အဆင့်မြှင့်တင်ကာ ကိုယ်ရေးအချက်အလက်များထည့်သွင်းရန် ဖိအားပေးခြင်းသည် တော်လှန်ရေးအင်အားစုများကို ဖိနှိပ်ရန်ရည်ရွယ်ကြောင်း To Comrades fundraising အဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ကိုမျိုးလင်းကဆိုသည်။
“ယခုလို policy တွေပြောင်းလဲလိုက်တာဟာ Fundraising team တွေအတွက် ငွေလွှဲအကောင့်ရှားသွားနိုင်ပါတယ်။ ငွေလွှဲသူနဲ့ လက်ခံသူ နှစ်ဘက်မှာ အနည်းနဲ့အများဆိုသလို လုံခြုံရေးစွန့်စားမှုတွေလည်းပိုမိုကြုံတွေ့လာနိုင်ပါတယ်” ဟု ၎င်းက MPAသို့ ပြောသည်။
တော်လှန်ရေးကို ပြည်တွင်း၊ပြည်ပ ပြည်သူများ၏ ထောက်ပံ့ငွေဖြင့် ရပ်တည်နေရခြင်းဖြစ်သောကြောင့် ယခုလုပ်ရပ်သည် ပြည်တွင်း နေပြည်သူများဆီမှ ရန်ပုံငွေစီးဆင်းမှုကို လျော့ကျသွားအောင်လုပ်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
မိုင်ဘိုင်းငွေပေးချေမှုအကောင့်များတွင် ဖြည့်သွင်းထားသည့် အမည်၊ မှတ်ပုံတင်၊ ဖုန်းဆင်းမ်ကတ်နံပါတ် စသည့် ကိုယ်ရေးအချက်အလက်များနှင့် ဖုန်းဆင်းမ်ကတ် မှတ်ပုံတင်ရာတွင် အသုံးပြုထားသည့် အချက်အလက်များကိုလည်း တိုက်ဆိုင်စစ်ဆေးသွားမည်ဟု စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။
ထိုသို့ ပေါ်လစီများ ပြောင်းလဲလိုက်ခြင်းကြောင့် စီးပွားရေးအတွက် အသုံးပြုနေသည့် ပြည်သူများအပါ အခက်တွေ့ရမည်ဟု ကိုမျိုးလင်းကဆိုသည်။
“ ငွေပေးချေမှု လုပ်ငန်းတွေမှာ KYC တင်တာဟာ (ကိုယ်ရေးအချက်ဖြည့်သွင်းခြင်း) ပုံမှန်လို့ဆိုနိုင်ပေမဲ့ အခုလို မမြှင့်မနေရ ခိုင်းစေတာကိုတော့ အခွင့်အရေးချိုးဖောက်ဖိနှိပ်တယ်လို့ပဲ မြင်တယ်” ဟု ၎င်းကဆိုသည်။
စစ်ကောင်စီက ဖိနှိပ်ထိန်းချုပ်ရန်ကြိုးစားနေသော်လည်း တော်လှန်ရေးအင်အားစုများအနေဖြင့် စစ်ကောင်စီ လက်လှမ်းမမီနိုင်သည့် Crypto currency, NUG pay စသည့်ရှိသည့်နည်းလမ်းများ အသုံးပြုကာ ကိုယ်ရေးအချက်အလက်များ၊ ငွေပေးချေမှုများကို စိတ်ချလုံခြုံရအောင်စီမံထားသည်ဟု သိရသည်။
NUG pay ကို NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ၂၀၂၂ ဇွန် ၂၆ က စတက်ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် pilot project (အစမ်းကာလ) အဖြစ် wallet (အသုံးပြုနိုင်သူ) ပေါင်း တစ်သောင်းဖြင့် စတင်လည်ပတ်လျက်ရှိသည်။
“ NUG pay အနေနဲ့လည်း pilot project ပဲရှိသေးတဲ့အတွက် သုံးစွဲသူဦးရေနည်းပါးနေပါသေးတယ်။ ဖြည်းဖြည်းချည်းတော့တွင်ကျယ်လာပါလိမ့်မယ်” ဟု ကိုမျိုးလင်းက ဆိုသည်။
NUG pay ၏ ဩဂုတ် ၂ ထုတ်ပြန်ချက်အရ အကောင့်ဖွင့် အသုံးပြုသူပေါင်း ၅ ထောင် ရှိပြီဟု သိရသည်။
NUG pay ကို fundraising အဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အသုံးပြုလျက်ရှိပြီး NUG pay ဖြင့် နွေဦးထီထိုးခြင်းနှင့် အခွန်ဆောင်ခြင်းများပါ လုပ်ဆောင်နိုင်ကြောင်းသိရသည်။
NUG pay သည် blockchain နည်းပညာအသုံးပြုထားသောကြောင့် စစ်ကောင်စီမထိန်းချုပ်နိုင်ဘဲ အသုံးပြုသူများအနေဖြင့် NUG pay ၏တရားဝင် အေးဂျင့်များမှ တစ်ဆင့် NUG pay ထဲသို့ ငွေဖြည့်နိုင်ကြောင်းသိရသည်။