By MPA 001
ခရမ်းချဉ်သီးဈေးမြင့်တက်လာပြီး တစ်လုံး၁၀၀ကျပ်ဖြင့်ရောင်းချလာကြောင်း ကျောက်တံတားမြို့နယ်ရှိ ကုန်စိမ်းရောင်းချသူတစ်ဦးကပြောသည်။
အထက်ပါ ခရမ်းချဉ်သီးဈေးသည် ပြီးခဲ့သည့် ဩဂုတ်လ ၂၂ရက်နေ့နောက်ပိုင်းက စတင်ကာ တဖြေးဖြေးမြင့်တက်လာခဲ့ပြီး ယနေ့စက်တင်ဘာလ ၂ရက်နေ့တွင် တစ်လုံးတစ်ရာကျပ်နီးပါးဖြစ်လာကြောင်း ကျောက်တံတားမြို့နယ်ရှိ ကုန်စိမ်းရောင်းချသူတစ်ဦးကပြောသည်။
“ ခရမ်းချဉ်သီးက ဥထားလို့ရတဲ့အရာမဟုတ်ဘူး။ဈေးတက်တယ်ဆိုတာက ဒိုင်မှာကိုက တက်လို့တက်ကတာ။ဈေးကြီးလို့ ဝယ်သူမရှိရင် ကြာလာလို့ ပုပ်သွားတဲ့အခါကျ အမတို့က ရှုံးရောလေ။ဝယ်သူကလဲ အနာပါရင် မဝယ်ကြဘူး” ဟု ကျောက်တံတားမြို့နယ်ရှိ ကုန်စိမ်းရောင်းချသူတစ်ဦးက ရှင်းပြသည်။
ရန်ကုန်တိုင်းရှိ ကြည့်မြင်တိုင်ညဈေး၊ခွဈေး၊ပုဇွန်တေင်ဈေးနှင့် ဆိပ်ကမ်းသာလမ်းဈေးတို့တွင် သံယောင် ခရမ်းချဉ်သီး တစ်ဆယ်သားကို ၂၅၀ကျပ်မှ ၃၀၀ကျပ်ကြားဈေးဖြင့်ရောင်းချနေပြီး ဆိုင်အများစုမှာ အနည်းဆုံး ၂၀သားကို ၅၀၀ကျပ်နှင့် ၆၀၀ကျပ်ကြားဈေးဖြင့် ရောင်းချနေကြကြောင်း MPA မှ စုံစမ်းရရှိသည်။
အထက်ပါ ခရမ်းချဉ်သီးဈေးတက်နေသည့်အပေါ် အိမ်ရှင်မတစ်ဦးအား MPAမှ မေးမြန်းရာ ခရမ်းချဉ်သီးဈေးသည် ကြက်သွန်နီနည်းပါးမြင့်တက်လာပြီး ကြက်သွန်ဈေးကဲ့သို့ ပြန်မကျမည်ကို စိုးရိမ်ကြောင်း ပြောသည်။
ယခုလိုခရမ်းချဉ်သီးဈေးမြင့်တက်လာခြင်းသည် မိုးခရမ်းချဉ်သီးကုန်ခါနီးကာလဖြစ်သည့်အပြင် စက်သုံးဆီနှင့် အကြမ်းဖက်စစ်ကောင်စီထံပေးရသည့် ဂိတ်ကြေးတို့သည် သယ်ယူပို့ဆောင်ရေးစရိတ်ကြီးမားစေသောကြောင့် ကုန်ဈေးနှုန်းများမြင့်ရခြင်း၏ အကြောင်းအရင်းများထဲမှတစ်ခုဖြစ်ကြောင်း အိမ်ရှင်မတစ်ဦးမှ မှတ်ချက်ပေးသည်။
“ အခုက မတက်တာဆိုလို့ ဘာမှကိုမရှိတာ။အခုကြက်သွန်ရယ်ဆီရယ်ခရမ်းချဉ်သီးရယ်က အရင်ထက်ကဈေးကြီးလာတာ။အရင်က ၅၀၀ ဖိုးဆို ၈လုံး၉လုံးလောက်ရတယ်။အခု၅၀၀ဖိုးမှ ရတာ ၅လုံးထဲ ဘယ်လိုသွားချက်မလဲစဉ်းစားကြည့်ပေါ့” ဟု ကျောက်တံတားမြို့နယ်နေ အိမ်ရှင်မတစ်ဦးမှ ရှင်းပြသည်။
လက်ရှိမှာ လှိုင်မြို့နယ်ရှိ သီရိမင်္ဂလာဈေးသစ်တွင် ခရမ်းချဉ်လက်ကားဈေးတစ်ပိဿာကို ၂၁၀၀ကျပ်မှ ၂၃၀၀ကျပ်ကြားရောင်းချနေပြီး မြို့နယ်အသီးသီးရှိ ကုန်စိမ်းရောင်းချသူများ၏ လက်လီဈေးသည် ၂၅၀၀ကျပ်မှ ၂၆၀၀ကျပ်ကြားရှိကြောင်း MPAမှ စုံစမ်းသိရသည်။