By MPA 001
ကြက်သွန်နီ တစ်ပိဿာဈေး ၃,၆၀၀ ကျပ်အထိ စံချိန်တင်မြင့်တက်လာကြောင်း ပုဇွန်တောင်ဈေးကြီးအတွင်း ကြက်သွန်နီရောင်းချသူများက ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၃ရက်နေ့က ကြက်သွန်နီ(လတ်ကြီး) အစိတ်သား(၂၅ကျပ်သား)ကို ၈၀၀ကျပ်ဖြင့်ရောင်းချနေကြသော်လည်း ယနေ့မှာ ကြက်သွန်နီ(လတ်ကြီး) အစိတ်သား(၂၅ကျပ်သား)ကို ၉၀၀ကျပ်ဖြင့်ရောင်းချနေကြောင်း ပုဇွန်တောင်ဈေးကြီးအတွင်း ကြက်သွန်နီရောင်းချသူများက ရှင်းပြသည်။
ယခုလိုရောင်းချလာမှုကြောင့် စားသုံးသူဈေးကွက်အတွင်း ကြက်သွန်နီ တစ်ပိဿာဈေးသည် ယခင် ၃,၂၀၀ကျပ်မှ ယနေ့ ၃,၆၀၀ကျပ်သို့ မြင့်တက်သွားခဲ့သည်။
” အစိတ်သား ၈၀၀ဈေးကတော့ မရတော့ဘူး။ ဒိုင်မှာပါ ဈေးတက်နေတာ။ ဒီကာလက မိုးရာသီဆိုတော့ ကြက်သွန်နီတွေ ရေထိရင်ရှုံးပြီ။ တစ်ပိဿာကို ၃,၆၀၀ ကျပ်နဲ့ က အမြတ်နည်းနည်းပဲ ကိုက်အောင်ရောင်းနေရတဲ့ဈေးပါ ” ဟု ပုဇွန်တောင်ဈေးကြီးအတွင်း ကြက်သွန်နီရောင်းချသူတစ်ဦးကပြောသည်။
ကြက်သွန်နီဈေးယခုလိုမြင့်တက်လာမှုနှင့်ပတ်သက်ပြီး အိမ်ထောင်ရှင်မတစ်ဦးက ကြက်သွန်နီသည် ဟင်းချက်ရာတွင် မပါမဖြစ်ထည့်ရသည့် ကုန်စည်ဖြစ်သောကြောင့် ဈေးတက်မှန်းသိသော်လည်း ဝယ်ယူရကြောင်းနှင့် မနက်ဖြန်ပိုဈေးတက်မည်ကိုလည်း စိုးရိမ်နေရကြောင်း MPAသို့ရှင်းပြသည်။
” တကယ်တော့ ဈေးသည်တွေကလူလည်တွေ။ သူများတက်တာနဲ့ လိုက်တက်တာ။ ၈၀၀ဈေးနဲ့ ရောင်းတုန်းက အများကြီးကျန်သေးတာကို ဒီနေ့ကျ ၉၀၀ဈေးကို တပြားသားမှ မလျော့ဘူး။ သူတို့ကပဲပြောသေးတယ် မမြတ်ဘူးဆိုပြီး။ အခုကြက်သွန်ဈေးက ကြက်သွန်တစ်လုံးကို ကြက်ဥအလုံးသေးဈေးဖြစ်လာပြီ ” ဟု အိမ်ထောင်ရှင်မတစ်ဦးကရှင်းပြသည်။
ကြက်သွန်နီ လတ်ကြီးအမျိုးအစားနှင့် ရှယ်အမျိုးအစား တစ်ပိဿာဈေးသည် ၃,၂၀၀ကျပ်ပတ်ဝန်းကျင်မှ ယနေ့ရန်ကုန်တိုင်းရှိ မြို့နယ်တော်တော်များများတွင် တစ်ပိဿာ ၃,၆၀၀ကျပ်ဖြင့် ဆက်လက်ဦးမော့နေကာ ဒိုင်ဈေးထက် ၅၀၀ကျပ်ခန့်များနေကြောင်း MPAမှ စုံစမ်းသိရသည်။
လက်ရှိ ဘုရင့်နောင်ပွဲရုံတွင် တောင်သူ ကြက်သွန်နီ လတ်ချောတစ်ပိဿာကို ၂,၃၀၀ကျပ်မှ ၂,၄၀၀ကျပ်ကြား၊ လတ်သန့်တစ်ပိဿာကို ၂,၇၀၀ကျပ်မှ ၂,၈၀၀ကျပ်ကြား၊ လတ်ကြီး တစ်ပိဿာကို ၂,၉၀၀ကျပ်မှ ၃,၁၀၀ကျပ်ကြား၊ ရှယ်ကြီး တစ်ပိဿာကို ၂,၉၀၀ကျပ်မှ ၃,၂၀၀ကျပ် ကြား ပစ္စည်းအသစ်အဟောင်းပေါ်မူတည်ပြီး ယနေ့ရောင်းချလျက်ရှိနေသည်။