By ခေတ်မင်းကို / MPA
ဒေါ်လာစျေးအပြောင်းအလဲကြောင့် စက်သုံးဆီစျေးတက်လာပြီး ရန်ကုန်ဆင်ခြေဖုံးမြို့နယ်များရှိ စက်သုံးဆီဆိုင်အများစုမှာ ခွဲတမ်းအလိုက် ဝယ်ယူနေရကာ မှောင်ခိုစျေးကွက်တွင် တစ်လီတာလျင် ၂၅၀၀ ဝန်းအထိ ပေါက်စျေးရှိကြောင်း လက်လီသုံးစွဲသူများက ပြောသည်။
“ဒေါ်လာစျေး ကို၂၁၀၀သတ်မှတ်ချက်နဲ့ငွေလဲကောင်တာတွေမှာ စျေးအလျော့အတင်း၆ရာခိုင်နှုန်းနဲ့ စစ်ကောင်စီက ရောင်းခိုင်းတယ်။ အဲဒီမှာဒေါ်လာကို ပြင်ပစျေးမှာပဲ လူတွေကအရောင်းအဝယ်လုပ်ကြတယ်။ ဓါတ်ဆီဒီဇယ်စျေးကလဲလိုက်တက်ပြီး ပန့်ဆိုင်မှာတင်၂၁၄၀ကနေ ၂၁၉၀အထိနေရာအလိုက် စျေးတွေတက်ကုန်ရော”ဟုအမည်မဖော်လိုသူ စက်သုံးဆီလုပ်ငန်း ရှယ်ယာရှင်တစ်ဦးကပြောသည်။
ပြည်တွင်း စက်သုံးဆီတင်သွင်းမှုသည် ပုံမှန်သုံးစွဲသောပမာဏအတိုင်းတင်သွင်းနေပြီး အကြမ်းဖက်စစ်ကောင်စီဘက်က သွင်းကုန်ထိန်းချုပ်ရေးမှုဝါဒဟု မင်းအောင်လှိုင်ကပြောကြားအပြီး ဒေါ်လာစျေးကို အပြောင်းအလဲပြုလုပ်နေသည်။
ကုမ္ပဏီများအနေဖြင့်တင်သွင်းရောင်းချသည် လက်ကားစက်သုံးဆီကုန်သည်များ၏ ဆိုင်များတွင် စက်သုံးဆီစျေးမှာ ယနေ့တွင်တစ်လီတာလျှင် ၂၀၀ကျပ်ဝန်းကျင်အထိ ရောက်ရှိလာသည်။
လူတစ်ဦးလျင်သုံးသောင်းမှ ငါးသောင်းဖိုးအထိသာ ခွဲတမ်းဖြင့်ရောင်းချပေးနေပြီး အချို့မြို့နယ်များတွင် ဓါတ်ဆီအောက်တိန်း၉၂ နှင့်၉၅အများစုမှာ ပစ္စည်းပြတ်သည်အထိ ရောင်းချနေသည်။
“ကားနဲ့သွားဝယ်ရင်တော့ ဆိုင်ကြီးတွေမှာ ကားအတွက်လိုသလောက် ရတယ်။ လျှပ်စစ်မီးမလာလို့ အိမ်ကမီးစက်အတွက်သွားဝယ်တော့ မနေ့ကသုံးသောင်းဖိုးပဲရတယ်။ ဒီနေ့တစ်သောင်းဖိုးပဲရောင်းတယ်။ အသိရှိရင်တော့စျေးပိုပေးရင် များများဝယ်လို့တယ်”ဟုတောင်ဥက္ကလာပမှ စက်သုံးဆီဝယ်ယူသူတစ်ဦးကပြောသည်။
ရန်ကုန်နှင့် မန္တလေးတွင် ဩဂုတ်လ၁၁ရက်နေ့မနက်ပိုင်းစက်သုံးဆီစျေးမှာ လက်လီပန့်ဆိုင်ကြီးများတွင် ၉၂တစ်လီတာလျင် ၂၁၄၀မှ၂၂၀၀၊၉၅တစ်လီတာလျင် ၂၂၁၀မှ၂၂၆၀၊ ပရီမီယံဒီဇယ်တစ်လီတာလျင်၂၅၂၀မှ၂၅၆၀၊ ဒီဇယ်တစ်လီတာလျင်၂၄၂၀မှ ၂၅၀၀အထိပေါက်စျေးဖြစ်ပေါ်နေသည်။
ဝယ်ယူသူများအနေဖြင့် လိုသလောက်ဝယ်ယူလိုပါက မှောင်ခိုစျေးဖြင့်ရောင်းချပေးနေပြီး ဆင်ခြေဖုံးမြို့နယ်များဖြစ်သည့် လှိုင်သာယာ၊တောင်ဒဂုံနှင်မြို့နယ်အများစုတွင် လမ်းဘေးလက်လီဆီဆိုင်များ၌ ပစ္စည်းပြတ်သည်အထိ အခက်အခဲဖြစ်ပေါ်နေသည်။
“ပန့်ဆိုင်တွေက ဆီပုံးနဲ့ရောင်းမပေးတော့ဘူး ၊ဆီစျေးကလည်း တစ်လီတာဘူးကိုနှစ်ထောင့်တစ်ရာကနေ နှစ်ထောင့်ငါးရာအထိစျေးမြှင့်ထားရတယ်။ လိုရင်ပြန်ဝယ်မရတာကြောင့်ဘဲ”ဟုလှိုင်သာယာမှ လမ်းဘေး ပုလင်းထောင်အရောင်းဆိုင်ပိုင်ရှင်က ပြောသည်။
ဆိုင်ကယ်များသုံးစွဲသည့်မြို့နယ်များနှင့် မီးစက်မဖြစ်မနေသုံးစွဲသော မိသားစုများအ တွက်စက်သုံးဆီစျေးတစ်လီတာလျင်၂၄၀၀မှ၂၅၀၀အထိပြင်ပလက်လီဆိုင်များတွင်ဝယ်ယူသုံးစွဲနေရသည်။
အကြမ်းဖက်စစ်ကောင်စီသည် ဒေါ်လာအရောင်းအဝယ်ထိန်းချုပ်ခြင်းအပါအဝင် သွင်းကုန်များအပေါ် ကန့်သတ်ပြီးစီးပွါးရေးမူဝါဒများ အပြောင်းအလဲပြုလုပ်နေသော်လည်း ငွေကြေးကျပ်တည်းမှုနှင့် စက်သုံးဆီနှင့်ဒေါ်လာမှောင်ခိုစျေးကွက်မှာလဲ ကြီးမားလာကြောင်း စျေးကွက်အတွင်းမှ သိရသည်။
စက်သုံးဆီကိုပုံမှန်တင်သွင်းသောပမာဏသာ ပြည်တွင်းမှာရောင်းချရန်အော်ဒါ ကိုတစ်ပါတ်ကြိုတင်ကာစင်္ကာပူနိုင်ငံမှတဆင့်တင်သွင်းနေကြောင်းသိရသည်။
စျေးကွက်စီးပွါးရေးအတွက် ခြောက်လအတွင်း နလံထူရန်လုပ်ဆောင်မည်ဟု အကြမ်းဖက်စစ ခေါင်းဆောင် မင်းအောင်လှိုင် ကပြောဆိုထားသော်လည်း လက်ရှိအချိန်အထိ သွင်းကုန် ရှားပါးမှုပြဿနာကိုထိန်းချုပ်နိုင်ခြင်းမရှိပေ။