မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်တွင် ယခု ရက်ပိုင်းအတွင်း စက်သုံးဆီ စျေးနှုန်းများ မြင့်တက်မှု ဂယက်ကြောင့် ဆီဆိုင် တချို့တွင် ဆီပြတ်လပ်သည့်အခြေအနေဖြင့် ကြုံတွေ့နေရပြီး ဝယ်ယူသူများ တန်းစီစောင့်ဆိုင်း ဝယ်ယူ နေရကြောင်း မြို့ခံများထံမှ သိရသည်။
မော်လမြိုင်မြို့ပေါ်ရှိ စက်သုံး ဆီဆိုင်ကြီး တချို့တွင် စျေးနှုန်း မြင့်တက်နေသည်ဟု သတင်းကြောင့် ဝယ်ယူသူများ အများပြား လာရောက် တန်းစီစောင့်ဆိုင်း ဝယ်ယူနေရာမှ ဆိုင်ကြီး တချို့တွင် ဆီပြတ်လပ်သွားသည်အထိ ဖြစ်ခဲ့သည်ဟု မော်လမြိုင် မြို့ခံ တစ်ဦးက ပြောသည်။
“ဆိုင်ကယ်စီးတဲ့ သက်တမ်း တစ်လျှောက် တစ်ခါမှ ဆီ မတိုးဖူးဘူး ဒီခေတ်ရောက်မှပဲ တိုးဖူးတော့တယ်၊ တချို့ ဆိုင်တွေ ဆိုရင် တန်းစီးပြီးမှ ဆိုင်ရှေ့ရောက်မှ ကုန်ပြီး ဆိုပြီး လက်ခါပြတာတွေနဲ့ ကြုံရတယ်”လို့ မော်လမြိုင်မြို့ ဒေါင်းဇရပ် ရပ်ကွက်နေ ဒေသခံ တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းက မော်လမြိုင်မြို့တွင် စက်သုံးဆီ တစ်လီတာကို ကျပ် ၁၇၀၀ ရှိရာမှ ယခု ဩဂုတ် ၁၁ ရက်နေ့ နောက်ပိုင်းတွင် ဓာတ်ဆီ တစ်လီတာကို ကျပ် ၂၀၀၀ ကျော် အထိ စျေးနှုန်း မြင့်တက်ခဲ့ကြောင်း စက်သုံးဆီ ဝယ်ယူသူများထံမှ သိရသည်။
မော်လမြိုင်မြို့ အထက်လမ်းမကြီး ကွင်းကျောင်း ဆီဆိုင်တွင် ဆီသွားဖြည့် ဒေသခံတစ်ဦးက“ဆီဖြည့်ဖို့ သွားတန်းစီတာ ဆိုင်ကယ် တစီးကို ၃၀၀၀ ဖိုးပဲ ရောင်းပေးပါတယ်။ တန်းစီရတာတော့ အချိန် တအား ပေးရတယ်”ဟု ပြော သည်။
ထိုသို့ စက်သုံးဆီများ စျေးနှုန်းများ မြင့်တက်နေရာမှ အလာတူ ဒီဇယ်ဆီသည်လည်း ကျပ် ၂၀၀၀ ရှိရာမှ အခု ကျပ် ၂၃၀၀ အထိ စျေးနှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။
ယခုလို စက်သုံးဆီများ စျေးနှုန်း မြင့်တက်နေသည့် ဂယက်ကြောင့် မော်လမြိုင်မြို့ပေါ်ရှိ ကျောက်မီးသွေးရုံက PT POWER ဆီဆိုင်၊ ဖိုးလပြည့် ဆီဆိုင်၊ အထက် လမ်းမကြီးရှိ ကွင်းကျောင်း ဆီဆိုင်နှင့် ဒေါင်းဇရပ် ဆီဆိုင်တို့တွင် ကားတန်း အရှည်ကြီးဖြင့် စောင့်ဆိုင်း ဝယ်ယူနေရကြောင်း သိရသည်။
မော်လမြိုင်တွင် မြို့ပေါ်ရှိ စက်သုံးဆီဆိုင်ကြီး အချို့တွင် ယနေ့ဩဂုတ်လ ၁၁ ရက်နေ့ နံနက်ပိုင်း၌ ဓာတ်ဆီ တစ်လီတာကို 92 Octane – ၂၁၈၅ ကျပ်၊ 95 Octane -၂၂၆၅ ကျပ်တို့ဖြင့် ရောင်းချပေးနေသော်လည်း တန်းစီ စောင့်ဆိုင်း ဝယ်ယူသူ များပြားနေ၍ အချိန်ပိုင်းဖြင့် ရောင်းချပေးခဲ့ပြီး ဆီပြတ်သွားပြီးဟု ပြောဆိုပြီး ဆိုင်ပိတ်လိုက်ကြောင်း သိရသည်။
အခုလို စက်သုံးဆီ စျေးနှုန်းမြင့်တက်မှုကြောင့် မော်လမြိုင် အပါဝင် ထားဝယ်နှင့် မြိတ်မြို့နယ်တို့တွင်လည်း စက်သုံးဆီ ဆိုင်ငယ်များတွင် တစ်လီတာကို ကျပ် ၂၆၀၀ မှ ၃၀၀၀ နီးပါး အထိ စျေးနှုန်းပေး ဝယ်ယူနေရကြောင်း သိရ သည်။