By MPA 001
အကြမ်းဖက်စစ်ကောင်စီတပ်၏ အစစ်ဆေးတင်းကျပ်မှုများကြောင့် အဝေးပြေးကားခစျေးနှုန်းများ မြင့်တက်လာကြောင်း အမည်မဖော်လိုသူ အဝေးပြေး Expressကားမောင်းသူတစ်ဦးက ပြောသည်။
အကြမ်းဖက်စစ်ကောင်စီတပ်များမှ အဝေးပြေးလမ်းတစ်လျှောက်တွင် ဂိတ်များထိုးကာ လက်ဖက်ရည်ကြေးတောင်းခံမှုများ တိုးလာသည့်အတွက် အဝေးပြေးကားများ ငွေကြေးကုန်ကျမှု ပိုတိုးလာပြီး အစစ်အဆေးတင်းကျပ်သည့်အတွက် အဝေးပြေးကားစီးနင်းသူနည်းပါးလာရကြောင်း အဝေးပြေး Expressကားမောင်းသူတစ်ဦးက ရှင်းပြသည်။
“ အများကြီးစျေးတက်တာတော့ မဟုတ်ပါဘူး။ ယခင်ထက် ငါးထောင် တစ်သောင်းလောက် တက်သွားတာပါ။ စီးတဲ့သူက နည်းလာတာလည်းပါတယ် ” ဟု အဝေးပြေး Expressကားမောင်းသူတစ်ဦးက ရှင်းပြသည်။
ရန်ကုန်၊ အောင်မင်္ဂလာအဝေးပြေးကားဝင်းရှိ မြတ်မန္တလာထွန်း ကားဂိတ်မှတဆင့် လားရှိုးသို့ သွားရောက်မည့် ကားလက်မှတ်တစ်စောင်ကို လေးသောင်းငါးထောင်ကျပ်ပေးရပြီး ယခင်လ(ဇူလိုင်လ)ထက် ငါးထောင်ပိုပေးဝယ်ခဲ့ရကြောင်း လားရှိုးသွားရောက်မည့် မဖြူ(အမည်လွှဲ)ကပြောသည်။
“ကားပေါ်မှာ လူကသိပ်မပါဘူး။ အဲ့ဒါကြောင့်ပဲ ပိုပေးရတာလားမသိဘူး။ အရင်ကလိုတော့မဟုတ်တော့ဘူး။ ညဘက်ပါမောင်းလို့ရနေပြီ။ ရန်ကုန်ကနေ့လယ် ၂နာရီလောက်ကထွက်တာကို ကျောက်မဲရောက်မှ ကားနားလို့ရသွားပြီ။ သိပ်မကြာတော့ဘူး။ လမ်းမှာ စစ်တဲ့ကောင်တွေ ခဏခဏတားနေလို့သာ တစ်ရက်တည်းနဲ့မရောက်တာ ” ဟု မသူဇာ(အမည်လွှဲ)ကပြောသည်။
လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် အမြန်လမ်းရဲကင်းမှ ရဲတပ်သားများသည် ရန်ကုန်မှ နယ်ဝေးသွားသည့် ခရီးသည်များအား မှတ်ပုံတင်၊ ခရီးသွားထောက်ခံချက် လက်မှတ်ပါမပါ စစ်ဆေးမှုများ ပိုမိုတင်းကျပ်စွာလုပ်ဆောင်နေသဖြင့် အမြန်လမ်းတွင် ကားပိတ်မှုများ၊ ခရီးသည်တင်ကားများ သတ်မှတ်ချိန်ထက်နောက်ကျစွာ သတ်မှတ်ခရီးကို ရောက်ရှိနေကြောင်း စုံစမ်းသိရသည်။
ယခုလို လက်မှတ်ခစျေးနှုန်းများ မြင့်တက်လာရခြင်းမှာ အကြမ်းဖက်စစ်ကောင်စီမှ တင်းကျပ်မှုများအပြင် စက်သုံးဆီစျေးနှုန်းများ မြင့်တက်လာခြင်း အထွေထွေကုန်စျေးနှုန်းများ မြင့်တက်လာခြင်းများကြောင့်ပါ ပါဝင်နေကြောင်း ခရီးသွားဝန်ဆောင်မှုလုပ်ဆောင်နေသည့် လုပ်ငန်းများက ဆိုသည်။