By Poe Sangle/ MPA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့၊ စျေးရွက်ကွက်၊ နယ်မြေတစ်ဆယ်သို့ မေ ၆ ရက်မှ ၃၁ ရက်နေ့အထိ အပစ်ရပ်သည်ဟု ကြေညာထားသည့် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ခြင်းကြောင့် နေအိမ်သုံးလုံးနှင့် ကားတစ်စီး ပျက်စီးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မေရှစ်ရက်ကလည်း နောင်ချိုမြိုန့ယ်၊ သရက်ချိုရွာကို စစ်ကောင်စီက လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် ကလေးတစ်ဦးအပါအဝင် လေးဦးသေဆုံးကာ ခုနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။
“ လူထိခိုက်တာတော့မရှိဘူး။ ဒေသခံအိမ်တွေတော့ ထိတာရှိတယ်။ တိုက်ပွဲကတော့ ပြင်းထန်တုန်းပဲ၊ ကျတော်တို့ဘက်ကလည်း အတတ်နိုင်ဆုံး ခုခံနေပါတယ်” ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက MPAကို ပြောသည်။
လက်ရှိ နောင်ချိုမြို့နယ်၊ တောင်ခမ်းရွာ၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး နှစ်ဘက်လုံး ထိခိုက်သေဆုံးမှုများရှိနေကြောင်း ၎င်းက ဆက်လက်ပြောသည်။
ပြီးခဲ့သည့် ဧပြီ ၂၈ ရက်နှင့် ၂၉ ရက်တွင် တရုတ်နိုင်ငံ၏ ဝင်ရောက်ညှိနှိုင်းမှုကြောင့် စစ်ကောင်စီနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) တို့ တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့သော်လည်း စစ်ကောင်စီက TNLA ထိန်းချုပ်ထားသည့် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်များ ပေးအပ်ရန် တောင်းဆိုခဲ့သည်။
ထိုကဲ့သို့ တောင်းဆိုမှုကို TNLA က လက်မခံနိုင်ခြင်းကြောင့် ဆွေးနွေးပွဲ အောင်မြင်မှုမရှိဘဲ ပြီးဆုံခဲ့ပြီးနောက် စစ်ကောင်စီက TNLA ထိန်းချုပ်ထားသည့် နယ်မြေများကို လေကြောင်းတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာခြင်းလည်းဖြစ်သည်။
“ဒီနေ့ အုမ္မတီးဘက်လည်းလာကြဲသွားတယ်။ ရွာထဲတော့ ရွားသားတွေမရှိတော့ဘူး။ ထိတာတော့မရှိဘူး။ ရှစ်ရက်နေ့က လက်နက်ကြီးပစ်လို့ ဒဏ်ရာရထားတဲ့ ခုနှစ်ယောက်က ဒီနေ့ ဆုံးသွားပြီးလို့ ပြောတယ်။ ဒီနေ့လည်း ဈေးရပ်ကွက်နှစ်လုံးလာကြဲသွားတယ်လူတော့မထိဘူး”ဟု နောင်ချိုမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မေငါးရက်ကလည်း ကျောက်မဲမြို့ အမြောက်တပ်အတွင်းနှင့် မိုင်းငေါ့မြို့နယ်၊ ကွမ်စလန်းကျေးရွာသို့ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သေးသည်။
“နောင်ချိုမြို့နယ်ထဲမှာတော့ နေ့တိုင်းလိုလိုကို ဗုံးကြဲသလိုဖြစ်နေတယ်။ လေယာဉ်လည်းနေ့တိုင်းဝဲနေတာ၊အလုပ်လုပ် ရတာလည်းအဆင်မပြေဘူး။ အလုပ်မလုပ်ရရင် စားစရာမရှိတော့ဘူး။ ကြောက်နေပေမဲ့ ကိုယ်လုပ်မှ ကိုယ်စားရမှာဆိုတော့ သတိနဲ့နေရတာပေါ့ ”ဟု နောင်ချိုမြို့အတွင်း ကုန်စုံဆိုင်ဖွင့်လှစ်ထားသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
လာမည့် ဩဂုတ်လတွင်လည်း တရုတ်နိုင်ငံတွင် စစ်ကောင်စီနှင့် TNLA တို့ ထပ်မံဆွေးနွေးရန် ရှိနေပြီး စစ်ကောင်စီက နေ့စဉ် ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်နေခြင်းကြောင့် TNLA ထိန်းချုပ်ထားသည့် နယ်မြေများကို ပြန်လည်ပေးအပ်မည်နှင့် ပတ်သက်ပြီး ဒေသခံများက စိုးရိမ်လျက်ရှိနေသည်။
မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ဖြစ်သည့် TNLA ၊ MNDAA နှင့် AA တို့သည် ငလျင်ဒဏ်သင့်ပြည်သူများကို လူသားချင်းစာနထောက်ထားရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးတအတွက် ထိုးစစ်ပြုလုပ်မည်မဟုတ်ဘဲ တစ်ဖက်သတ် အပစ်ရက်ကာလကို မေလကုန်အထိကြေညာထားသည်။