By Nway / MPA
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းရှိ ဘုရားပရဝဏ်ထဲသို့ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦးအပါအဝင် သုံးဦးသေဆုံးခဲ့ကြောင်းသိရသည်။
ယနေ့ (မေလ ၁၀ရက်) နေ့ခင်း ၁၁နာရီ ၄၅မိနစ်ခန့်တွင် ချောင်းဦးမြို့နယ်၊ လက်ပံလှကျေးရွာဘုရား ကို စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးသီးတစ်လုံးကြဲချခဲ့ရာ ကလေးငယ်(ကျား)တစ်ဦးနှင့် အမျိုးသားနှစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း ချောင်းဦးမြို့နယ်ပကဖထံမှသိရသည်။
” ပါရာမော်တာ(စက်တပ်လေထီး)လာတဲ့အခါမှာ ပုံမှန်အတိုင်းပဲ သူတို့ဘုရားပေါ်မှာရှိနေတာ။ ဘုရားနားချသွားတာလို့ကြားတယ်။ အိမ်ထဲကျတာမဟုတ်ဘူးဗျ။ ဘုရားပရဝဏ်မှာကျတဲ့ သဘောမျိုးဗျ” ဟု ချောင်းဦးမြို့နယ်ပကဖ၊ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက MPA သို့ပြောသည်။
သေဆုံးသည့် ကလေးငယ်၊ အမျိုးသားနှစ်ဦးနှင့် ဒဏ်ရာရသူအမျိုးသမီးတစ်ဦးတို့မှာ မိသားစုဝင်များဖြစ်ကြောင်း သိရသည်။
“ မိသားစုထဲက အမျိုးသားနှစ်ဦးနဲ့ ကလေးငယ်တစ်ဦးသုံးယောက်ရယ်၊ အမျိုးသမီးတစ်ဦးဒဏ်ရာရတယ်။ နောက်ထပ် အပြင်ကအမျိုးသားတစ်ဦးစိုးရိမ်ဒဏ်ရာရတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ဘုရားပရ၀ဏ်ပျက်စီးမှုနှင့်ပတ်သက်၍ အသေးစိတ်မသိရှိရသေးကြောင်း ၎င်းကပြောသည်။
စစ်ကောင်စီသည် ဧပြီနှစ်ရက်မှ ၂၂ရက်ထိ တစ်ကြိမ်၊ ဧပြီ၂၃ရက်မှ ၃၀ရက်အထိ တစ်ကြိမ်၊ မေလ ခြောက်ရက်မှ ၃၁ရက်အထိတစ်ကြိမ်အပစ်ရပ်ကြောင်း ကြေညာထားသော်လည်း မြန်မာနိုင်ငံတစ် ဝန်း လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုတို့ ဆက်လက်လုပ်ဆောင်နေမြဲဖြစ်သည်။