By Ra Wai / MPA
ကုန်သွယ်ရေးအတွက် အရေးပါသည့် တနင်္သာရီ-မော့တောင်လမ်းပိုင်း ပြန်လည်ရရှိရေးအတွက် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်နှင့် PDF ပူးပေါင်းတပ်တို့ ငါးလကြာသည်အထိ တိုက်ပွဲပြင်းထန်နေကြောင်းသိရသည်။
တနင်္သာရီမြို့နယ်၊ တနင်္သာရီ-မော့တောင်လမ်းပိုင်းပြန်ရရန်အတွက် သိန်ခွန်းရွာကို အခြေပြုစစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် PDFပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ငါးလတာကြာမြင့်ပြီဖြစ်ပြီး လက်ရှိအချိန်ထိလည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း မြိတ်ခရိုင်အမှတ်နှစ်တပ်ရင်းက သတင်းထုတ်ပြန်သည်။
” သူတို့ကနယ်စပ်လမ်းကိုပြန်လိုချင်လို့ သိန်ခွန်းကိုခြေကုပ်ယူပြီး စစ်ကြောင်းထိုးတာပါ။ ကုန်သွယ် ရေးကရတဲ့ငွေကြေးအမောက်က သူတို့အသေခံတိုက်ဖို့အထိ မက်လောက်စရာဖြစ်နေတာကြောင့်ပါ” ဟု မြိတ်ခရိုင်အမှတ်နှစ်တပ်ရင်းမှ ရဲဘော်တစ်ဦးက MPA သို့ပြောသည်။
ငါးလတာအတွင်း ထိတွေ့တိုက်ပွဲ ၁၀၀ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ အရာရှိအပါအဝင် ထိခိုက်သေဆုံးမှု ၁၅၀ခန့်ရှိကာ PDFရဲဘော်များဘက်ကလည်း ထိခိုက်မှုအနည်းငယ်ရှိကြောင်း သိရသည်။
စစ်ကောင်စီစစ်ကြောင်းသို့ မြေပြင်စစ်ကူများလည်း ပို့ပေးနေပြီး လေယာဉ်၊ ဒရုန်းတို့ဖြင့်လည်း လေကြောင်းပစ်ကူပေးကြောင်း ၎င်းကပြောသည်။
ယင်းတိုက်ပွဲများအတွင်း ထိုင်းဘက်မှ မြန်မာသို့ပြန်ပို့စဉ် စစ်မှုထမ်းပါသွားသည့် တပ်သား ၁၂ဦး လက်နက်နှင့်တကွ KNLA တပ်ရင်း ၁၁ထံ အလင်းဝင်လာကြောင်းသိရသည်။
တနင်္သာရီမြို့နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ရေးအခြေအနေများကြောင့် ဒေသခံနှင့် ခရီးသွားပြည်သူများအနေဖြင့် သတိရှိစွာသွားလာနေထိုင်ကြရန် မြိတ်ခရိုင်အမှတ်နှစ်တပ်ရင်းက မေတ္တာရပ်ခံထားသည်။
ယင်းတိုက်ပွဲများကို PDF၊ KNLA၊ KTLA နှင့် ပကဖတို့ ပူးပေါင်းဆင်နွှဲလျက်ရှိကြောင်းသိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်၊ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။