By Ra Wai / MPA
အပစ်အခတ်ရပ်စဲရေးသက်တမ်းထပ်တိုးသည် ဆိုသော စစ်ကောင်စီတပ်က သပိတ်ကျင်းမြို့နယ်၊ ရေထွက်ကျေးရွာထဲကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
မေလ ခုနှစ်ရက်၊ မွန်းတည့် ၁၂နာရီခန့်တွင် မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်၊ရေထွက်ကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ တစ်စင်းဖြင့် ဗုံးနှစ်ကြိမ်ကြဲချခဲ့ရာ အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသားခြောက်ဦးနှင့် အမျိုးသမီးသုံးဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင်ပကဖထံမှသိရသည်။
” နှစ်ကြိမ်တိုက်ခိုက်သွားတယ်ဗျ။ တိုက်ခိုက်မှုက ရွာထဲပဲချတဲ့ပုံစံရှိပါတယ်။ ထိခိုက်မှုက ကျား-ခုနှစ်၊ မ-သုံးဖြစ်သွားတယ်ဗျ။ ကျားတစ်ဦးကတော့ သေဆုံးသွားပြီလို့ သိရတယ်ဗျ။ ပြည်သူတွေရှောင်တိမ်းမှုကတော့ အဲ့လောက်ကြီး အများကြီးမရှိပါဘူးဗျ” ဟု ပြင်ဦးလွင်ခရိုင်ပကဖ၊ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက MPA သို့ပြောသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်အဆောက်အအုံ အနည်းဆုံး ငါးလုံးပျက်စီးခဲ့ပြီး ဒဏ်ရာရသူ ကိုးဦးမှာ စိုးရိမ်ရသည့် အခြေအနေမရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီ ၁၉ရက်ကလည်း ရေထွက်ကျေးရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂၀ကျော်သေဆုံးပြီး ၃၀ကျော် ဒဏ်ရာရရှိခဲ့သည်။
စစ်ကောင်စီသည် ဧပြီနှစ်ရက်မှ ၂၂ရက်ထိ တစ်ကြိမ်၊ ဧပြီ၂၃ရက်မှ ၃၀ရက်အထိ နောက်တစ်ကြိမ် အပစ်ရပ်ကြောင်း ကြေညာပြီးနောက် မေလ ခြောက်ရက်မှ ၃၁ရက်အထိ တတိယအကြိမ် ထပ်မံအပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့သော်လည်း နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးဖြင့်ပစ်ခတ်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။