By Bala / MPA
ကရင်နီပြည်နယ်၊ဒီးမော့ဆိုအနောက်ခြမ်းသို့ စစ်ကောင်စီက ဂျက်ဖိုက်တာ နှစ်စင်းဖြင့်ဓာတုဗုံးအပါ ဗုံး၁၀လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ယမန်နေ့( မေ ခြောက်ရက်) ၊ ည ၁၀နာရီ ၅၀မိနစ်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာ တစ်စင်းဖြင့် ဗုံး ငါးလုံးကြဲချခဲ့ပြီး ယင်းနေ့ ည ၁၁နာရီဝန်းကျင်တွင် ဂျက်ဖိုက်တာတစ်စင်း ထပ်မံရောက်ရှိလာပြီး ဗုံးငါးလုံးထက်မနည်းကြဲချခဲ့ခြင်းဖြစ်ကြောင်း အခင်းဖြစ်နေရာအနီးနေ စစ်ရှောင်တစ်ဦးက ပြောသည်။
“ညက ဂျက်ဖိုက်တာ နှစ်စင်းနဲ့လာကြဲသွားတာ၊ ရပ်ကွက်ရုံးအဟောင်းကိုကြဲတယ်။ ပြီးတော့ အဲ့ဒီ အနားဝန်းကျင်ကို ထပ်ကြဲတယ်။ ပြီးတော့ ဂျက်ဖိုက်တာ နောက်တစ်စင်းထပ်လာတယ်။ တောထဲကို လဲကြဲသေးတယ်။ လူသေဆုံးတာတို့၊ ထိခိုက်တာတို့တော့ မရှိပါဘူး”ဟု ၎င်းက ပြောသည်။
အထက်ပါဗုံးကြဲတိုက်ခိုက်မှုအတွင်း ဓာတုဗုံးဟု ယူဆရသည့် အဆိပ်ငွေ့ဗုံးများကို စစ်ကောင်စီက အသုံးပြုခဲ့ပြီး ဗုံးကြဲမှုဒဏ်ခံခဲ့ရသည့်အနီးဝန်းကျင်မှ စစ်ရှောင်များသည် မူးဝေ၊ အော့အန်ခြင်းများကို ခံစားခဲ့ရကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။
“ဗုံးကွဲပြီးတော့ မီးခိုးလုံးကြီးတွေလိုပဲ ထွက်လာတယ်၊ အဲ့ဒါကို ရှုလိုက်တဲ့အချိန်ခေါင်းမူးတယ်။ မအီမသာဖြစ်တယ်ပေါ့၊ ဂျက်ဖိုက်တာတွေပြန်သွားတော့ နေရာရွှေ့ဖို့လုပ်တော့လဲ လက်တွေခြေတွေလေးပြီး အန်ကြတဲ့သူတွေရှိတယ်။ဆေးရုံရောက်တဲ့အထိတော့ မဖြစ်ပါဘူး။ ကိုယ့်ဇောနဲ့ကိုယ်ဆိုတော့ ရသလောက်ရွှေ့ပြီး ဘေးလွတ်ရာသွားနေတာပေါ့”ဟု ၎င်းက ပြောသည်။

ယမန်နေ့က စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုသည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရေးပစ်မှတ်များကို အဓိကထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“သူတို့လာကြဲသွားတာက သတင်းပေးကြောင့် စစ်ရေးပစ်မှတ်တွေရှိတယ်ထင်ပြီး လာကြဲတာပေါ့၊ ဗုံးပြင်းအားကတော့ အများဆုံး ပေါင် ၃၀၀တော့ရှိလောက်တယ်။ စစ်ရှောင်တဲ အချို့တော့ အစစင်ပြီး ပျက်စီးတယ်။ အုပ်ချုပ်ရေးမှူး ရုံးဟောင်းကတော့ အထိဆုံးပေါ့နော်”ဟု ၎င်းက ပြောသည်။
စစ်ကောင်စီအနေဖြင့် ဒီးမော့ဆိုအနောက်ခြမ်းသို့ လေကြောင်းတိုက်ခိုက်မှုမပြုလုပ်မီရက်ပိုင်းအတွင်းကလည်း ဂျက်ဖိုက်တာများကို မီးဖွင့်ပျံသန်းခြင်းနှင့် ကင်းထောက်လေယာဉ် ဖြတ်သန်းခြင်းများ ပေါ်ပေါ်ထင်ထင်ပြုလုပ်ခဲ့သေးသည်။
လက်ရှိတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူများအနေဖြင့် စစ်ရေးအသိ၊ သတိရှိကာနေထိုင်သွားလာရန်လိုအပ်ပြီး ဗုံးခိုကျင်းများတူးထားသင့်ကြောင်း ကရင်နီပြည်နယ်ရှိ ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက သတိပေးပြောဆိုကြသည်။
စာတည်း-ကိုဆန်း