By Ra Wai / MPA
တနင်္သာရီတိုင်း၊ ပုလောမြို့ပေါ်တွင် ဆိုင်ထိုင် အရက်သောက်နေသော ပျူစောထီးသုံးဦးကို PDF တို့ ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်းသိရသည်။
မေလ ခြောက်ရက်၊ ညနေ ငါးနာရီခွဲခန့်တွင် ပုလောမြို့၊ အမှတ်နှစ်ရပ်ကွက်ရှိ အရက်ဆိုင်တွင် အရက်သောက်နေသည့် ပုလောကုန်းကျေးရွာ ပျူခေါင်းဆောင် ကုလားနီ၊ ပလမြို့ပျူခေါင်းဆောင် ကျော်သူရနှင့် ပုလောမြို့၊ အမှတ်နှစ်ရပ်ကွက်နေ ပျူစောထီးသန်းနိုင်တို့ကို ပစ်ခတ်ခဲ့ရာ သုံးဦးစလုံးသေဆုံးပြီး ပစ္စတိုသေနတ်တစ်လက်သိမ်းဆည်းရရှိခဲ့ကြောင်း မြိတ်ခရိုင်အမှတ်တစ်တပ် ရင်းက သတင်းထုတ်ပြန်သည်။
” ပြန်လည် ပစ်ခတ်နိုင်တဲ့ အခြေအနေ မရှိခဲ့ပါဘူးဗျ။သူတို့က စစ်ကြောင်းတွေမှာ အမြဲလိုလို ပါလေ့ရှိပါတယ်။ အဓိကက နယ်မြေကျွမ်းကျင်အပိုင်းမှာ စကစ စစ်တပ်အတွက် အားထားရတဲ့ လူတွေ ဖြစ်တယ် ” မြိတ်ခရိုင်အမှတ်တစ်တပ်ရင်း၊ သတင်းနှင့်ပြန်ကြားရေးဌာနတာဝန်ခံ ရဲဘော်အာနိုးက MPA သို့ပြောသည်။
ယင်းပျူစောထီးသုံးဦးသည် ပလမြို့၊ ပုလောမြိုနှင့် ပုလောကုန်းကျေးရွာတို့တွင် ပြည်သူများကို ခြိမ်းခြောက်ငွေညှစ်ခြင်း၊ ဖမ်းဆီးခြင်း၊ ဂိတ်ကြေးကောက်ခံခြင်းနှင့် အဓမ္မစစ်သား စုဆောင်းခြင်းတို့ ပြုလုပ်ခဲ့ပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးသည့် အဓိကတရားခံများလည်း ဖြစ်ကြောင်း သိရသည်။
” ပလမြို့နဲ့ ပုလောမြို့ပေါ်ရပ်ကွက်တွေမှာ အဓိကထား လုပ်ဆောင်ပါတယ်။ အရင်ကဆို ပုလောကုန်းကျေးရွာမှာလည်း လုပ်ခဲ့တယ်။ ဒါပေမဲ့၊ ပြီးခဲ့တဲ့နှစ်ဆန်းမှာ ပုလောကုန်းကျေးရွာကို ကျတော်တို့ တပ်တွေ ထိန်းချုပ်အပြီးမှာ ကုလားနီက ပုလောမြို့ပေါ်ကို ထွက်ပြေးရပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ပစ်ခတ်ရှင်းလင်းမှုပြီးနောက် နောက်ဆက်တွဲအခြေအနေကို မသိရှိရကြောင်း ၎င်းကပြောသည်။
ယင်းတိုက်ခိုက်မှုကို မြိတ်ခရိုင်အမှတ်တစ်တပ်ရင်းနှင့် မြိတ်ခရိုင်ပကဖအဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး ရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
ပျူစောထီးများ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
စာတည်း-ML